ဆော်ဒီမှာ တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီး

  • 5 နိုဝင်ဘာ 2013
Image caption ဆော်ဒီက တရားမဝင် အလုပ်သမားတွေ

ဆော်ဒီ အာရေဗျမှာ အလုပ်အကိုင် နေရာချထားရေး ဥပဒေသစ် ပြဌာန်းချက် လွတ်ငြိမ်းခွင့် သတ်မှတ်ပေးထားတဲ့ ရက် ကျော်သွားခဲ့ပြီးတဲ့နောက် အစိုးရက ထောင်နဲ့ချီတဲ့ တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီး ထိန်းသိမ်းတာ ၊ နေရပ်ပြန်ပို့တာတွေ လုပ်နေပါတယ်။

လူဦးရေ တသန်းနီးပါး ရှိတဲ့ ဘင်္ဂလာဒေ့ရှ် ၊ ဖိလစ်ပိုင် ၊ အိန္ဒိယ ၊ နီပေါ ၊ ပါကစ္စတန် နဲ့ ယီမင် နိုင်ငံသားတွေဟာ လာမယ့် တနင်္ဂနွေနေ့ သတ်မှတ်ချက် နောက်ဆုံးရက် အလွန် သုံးလအတွင်း နိုင်ငံတွင်းက ထွက်ခွာရတော့မှာ ဖြစ်ပါတယ်။

တခြား အလုပ်သမား လေးသန်း လောက်ကတော့ တရားဝင် အလုပ်လုပ်ကိုင်ခွင့် လိုင်စင် ရထားပြီး ဖြစ်ပါတယ်။

အခုလို လုပ်ဆောင်ရတာဟာ အလုပ်သမားတွေကို ပစ်မှတ်ထားတာ မဟုတ်ပါဘူး ၊ စည်းမျဉ်း လိုက်နာမှု မရှိတဲ့ ကုမ္ပဏီတွေကို ဖြစ်ပြီး သူတို့ဟာ အလုပ်သမားတွေကို စည်းမျဉ်းစည်းကမ်းနဲ့ အညီ ခန့်အပ်မှု မရှိလို့ အခုလို ဖြစ်ရတာပါလို့ ဆော်ဒီ အလုပ်သမားရေးဌာန ဒုဝန်ကြီး Al Haqbani အယ်လ် ဟတ်ခ်ဘန်နီ က ပြောပါတယ်။

အင်ဒိုနီးရှား အရာရှိတွေကတော့ Jeddah မြို့က သုံးထောင်လောက်ရှိတဲ့ တရားမဝင် အင်ဒို အလုပ်သမားတွေ ထိန်းသိမ်းရေး စခန်းကို အပို့ခံခဲ့ရပြီး နေရပ်ပြန်ပို့ ခံရဖို့ စောင့်နေကြရတယ်လို့ ဆိုပါတယ်။

အဲဒီ အလုပ်သမားတွေဟာ သူတို့ပိုင် ပစ္စည်းလေးတွေနဲ့ အတူ မိုးပျံ ဂုံးကျော် လမ်းမကြီးအောက်မှာ စုရုံးပြီး သူတို့ကိုယ်သူတို့ အာဏာပိုင်တွေထံ အပ်နှံခဲ့ကြပါတယ်။

ဆော်ဒီ ဟာ အာရပ် ကမ္ဘာမှာ အချမ်းသာဆုံး နိုင်ငံ ဖြစ်ပေမယ့် သူတို့ နိုင်ငံသားတွေရဲ့ အလုပ်လက်မဲ့ ဖြစ်နေတဲ့ နှုန်း ၁၂ ရာခိုင်နှုန်းကို အာဏာပိုင်တွေက လျော့ချချင်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ