ဆီးရီးယား ငြိမ်းချမ်းရေး ညီလာခံ ကျင်းပဖို့ ရက်မသတ်မှတ်နိုင်

  • 6 နိုဝင်ဘာ 2013
Image caption ဆီးရီးယား အရေးဆိုင်ရာ အထူးသံတမန် ဘရာဟီမီ

ဆီးရီးယား ပဋိပက္ခ ဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ဖို့ ကာလအတော်ကြာကတည်းက ကြိုးပမ်းနေခဲ့ရပြီး ၊ ကျင်းပမယ့်ရက်ကို သတ်မှတ်ဖို့ မနေ့က တနေကုန် သံတမန်တွေ အပြင်းအထန် ဆွေးနွေးလုပ်ဆောင်ခဲ့ပေမယ့် သဘောတူညီမှု မရခဲ့ပါဘူး။

အမေရိကန် ၊ ရုရှားနဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် အရာရှိတွေ ဂျနီဗာမြို့မှာ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ဆီးရီးယား အရေး ဆိုင်ရာ နိုင်ငံတကာ အထူးသံတမန် လက်ခ်ဒါ ဘရာဟီမီက သူ့အနေနဲ့ ညီလာခံ ကျင်းပမယ့် ရက်ကို မနေ့က ကြေညာနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ မကြေညာနိုင်ပါဘူးလို့ ပြောပါတယ်။ ဆီးရီးယား အတိုက်အခံ အဖွဲ့တွေမှာ တကယ့်ကို အခက်အခဲကြုံနေရတဲ့အချိန်ပါ ၊ သူတို့အတွင်း သဘောထား ကွဲနေကြပြီး ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်နေရတာကြောင့် အဆင်သင့်ဖြစ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေရပါတယ်လို့ မစ္စတာ ဘရာဟီမီက ဆိုပါတယ်။

ဒီညီလာခံ တက်ဖို့ သင့်မသင့် အတိုက်အခံတွေ စိတ်ဝမ်းကွဲမှု ဖြစ်နေတာဟာ ညီလာခံ မကျင်းပနိုင်ရတဲ့ အကြောင်းတွေထဲက တချက်ပါ ၊ အခုနှစ် မကုန်ခင်တော့ ဒီညီလာခံကို ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။