ဖိလစ်ပိုင်မှာ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်

  • 8 နိုဝင်ဘာ 2013

တစ်နာရီ ၁၉၉ မိုင် နှုန်းနဲ့ တိုက်ခတ်နေတဲ့ ဟိုင်ရန် တိုင်ဖုန်း မုန်တိုင်းဟာ ဖိလစ်ပိုင် နိုင်ငံ ကုန်းတွင်းပိုင်းကို သောကြာနေ့က ၀င်ရောက်ခဲ့ပြီး မနီလာမြို့ကို ဖြတ်သန်း တိုက်ခတ်သွားပါတယ်။

ဟိုင်ရန်ဟာ ကုန်းတွင်းကို ၀င်ရောက် တိုက်ခတ်ဖူးသမျှ မုန်တိုင်းတွေထဲမှာ စံချိန်တင် အင်အား ပြင်းထန်တဲ့ အထဲမှာ ပါ၀င်တယ်လို့ သိရပါတယ်။

ဒီမုန်တိုင်းကြောင့် ဖိလစ်ပိုင် နိုင်ငံ ပြည်နယ်ပေါင်း ၂၀ က လူတစ်သန်းကျော်ဟာ နေအိမ်တွေကနေ ဘေးကင်းရာကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရပြီး ယခုအချိန်ထိ လူလေးဉီး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဒီထဲက နှစ်ယောက်ဟာ မုန်တိုင်း တိုက်နေစဉ်မှာ မတော်တဆ ဓာတ်လိုက် သေဆုံးခဲ့ရတာ ဖြစ်ပြီး နောက်တစ်ဉီးကတော့ မိုးကြိုး ထိမှန် သေဆုံးခဲ့ရတာပါ။

မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်း တလျှောက်မှာ လေပြင်းဒဏ်ကြောင့် နေအိမ်ခေါင်မိုးတွေ ပြုတ်ထွက် လွင့်ပါတာ၊ လျှပ်စစ်ဓာတ်အားတိုင်တွေ ကျိုးပဲ့ပြီး ဓာတ်အားလိုင်းတွေ ပျက်စီးတာ၊ သစ်ပင်တွေ ပြိုလဲတာ စတာတွေလဲ ဖြစ်ခဲ့ပါတယ်။ နေအိမ်ခေါင်မိုးက သွပ်ပြားချပ်တွေဟာ ကောင်းကင်မှာ ကစားစရာ စွန်တွေလိုပဲ ဝဲပျံနေတယ်လို့ မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

အသေအပေျာက်နဲ့ အပျက်အစီး စာရင်း အတိအကျ ကိုတော့ ရက်အနည်းငယ် ကြာမှ သိရှိနိုင်မှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ လေယာဉ်နဲ့ သဘောခရီးစဉ်တွေကို ဖျက်သိမ်းထားပါတယ်။ ဆေးရုံနဲ့ စစ်တပ်ကလဲ ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်ဖို့ အဆင်သင့် ပြင်ဆင်ထားကြောင်း သတင်းရရှိပါတယ်။

အခု သတင်း တင်ဆက်နေတဲ့ အချိန်မှာ ဟိုင်ယန် မုန်တိုင်းဟာ အားပေျာ့သွားပြီ ဖြစ်ပြီး ပြင်းအား အဆင့် ၃ ရှိတဲ့ မုန်တိုင်း အဖြစ်နဲ့ ဗီယက်နမ် ကုန်းတွင်းပိုင်းကို ဆက်သွားလိမ့်မယ်လို့ မိုးလေ၀သ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ