အင်အား အပြင်းဆုံး မုန်တိုင်းဒဏ် ဖိလစ်ပိုင်ခံရ

  • 9 နိုဝင်ဘာ 2013
ဟိုင်ယန်တိုင်ဖုန်းဟာ အင်အားအပြင်းဆုံးမုန်တိုင်းအဖြစ်စံချိန်တင်
Image caption ဟိုင်ယန် တိုင်ဖုန်းဟာ အင်အား အပြင်းဆုံး မုန်တိုင်းအဖြစ်စံချိန်တင်

ဖိလစ်ပိုင် နိုင်ငံအနေနဲ့ အခုဆယ်စု နှစ်တွေအတွင်း စူပါတိုင်းဖွန်း ဒဏ်တွေကို အတော်ခံနေရတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အလွန် အင်အားပြင်းတဲ့ မုန်တိုင်းမျိုး ၂၀၀၂နဲ့၂၀၁၂အထိ ဆယ်စုနှစ်အတွင်း ၃ကြိမ်ဖြစ်ခဲ့ပါတယ်။ ဖိလစ်ပိုင် ကျွန်းစုတွေဟာ ကမ္ဘာပေါ်မှာ တိုင်ဖွန်း မုန်တိုင်းအများဆုံး ဖြစ်တဲ့ဒေသတွင်း ကျနေလို့ ကံမကောင်းဘူးလို့ ပြောနိုင်ပါတယ်။

ဒီဒေသမှာ ပူနွေးတဲ့ရေနဲ့ စိုထိုင်းတဲ့လေထု အများအပြားရှိလို့ အလွန်အင်အားကြီးတဲ့ စူပါမုန်တိုင်းတွေအစ ပျိုးစေနိုင်ပါတယ်။ အခုတိုက်တဲ့ ဟိုင်ယန်ကတော့ ဒီအချက်တွေအပြင် အင်အားကြီးစေတဲ့ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့အင်္ဂါရပ်တွေ ပါဝင်ပါတယ်။ ပုံမှန်ဆိုရင် မုန်တိုင်းရဲ့ ဗဟိုချက်မကို ဝန်းရံလည်ပတ်နေတဲ့ တံတိုင်းတွေဟာ ရွေ့လျားတဲ့အခါ အသစ်တွေ ထပ်ဖြစ်ပြီး လေတိုက်နှုန်းကို အားပျော့စေပါတယ်။ ဟိုင်ယန်ကတော့ဒီလိုမဟုတ်ပါဘူး။

ဟိုင်ယန်ဟာ လေတိုက်နှုန်း သိပ်လျင်မြန်တဲ့အတွက် ရှေ့မှာရှိတဲ့ ရေမျက်နှာပြင်ကို လှုပ်လှုပ် ခတ်ခတ်ဖြစ်အောင် သိပ်မလုပ်နိုင်ပါဘူး။ ဒီလောက် မြန်မြန်မတိုက်တဲ့ မုန်တိုင်းတွေကျတော့ ရေကိုဆွသလိုဖြစ်ပြီး အပေါ်ကိုကြွတက်လာတဲ့ ရေရဲ့အေးဓါတ်ကြောင့် မုန်တိုင်းကို အားပျော့စေနိုင်ပါတယ်။ အခုအခါ ဟိုင်ယန်မုန်တိုင်းကြီးဟာ ကုန်းတွင်းမှာ အားပျော့လာပြီး ဒီရက်တွေ အတွင်း အဆင့်သုံး မုန်တိုင်းအဖြစ် ဗီယက်နမ်နိုင်ငံဖက်ကို ရွေ့လျား သွားနိုင်ကြောင်း ဘီဘီစီ ပတ်ဝန်းကျင်ဆိုင်ရာ သတင်းထောက်ကဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ