အရေးပါတဲ့ ကိစ္စရပ်တချို့ ဆွေးနွေးဖို့ လိုသေးတယ်လို့ ကယ်ရီ ပြော

  • 9 နိုဝင်ဘာ 2013
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry

အီရန်ရဲ့ နျူကလီးယာ အစီအစဉ်နဲ့ ပတ်သက်လို့ သဘောတူညီချက် ရဖို့ ကြိုးပမ်းနေရာမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီနဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရစ်ဖ် တို့ ဂျီနီဗာမြို့မှာ ငါးနာရီကြာ ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲတွေကို တတိယမြောက် နေ့ဖြစ်တဲ့ ဒီနေ့ စနေနေ့မှာ ဆက်လက် ကျင်းပမှာ ဖြစ်ပြီး ရုရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ ထိပ်တန်း တရုတ် သံအရာရှိ တယောက် တို့လည်း တက်ရောက် ကြမှာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က အရေးပါတဲ့ ကိစ္စရပ် တချို့ ဆက်လက် ဖြေရှင်း ဆွေးနွေးဖို့ လိုသေးတယ်လို့ ပြောပါတယ်။

အီရန် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ အခြေအနေတွေဟာ နှစ်ပေါင်းများစွာ တိုးတက်မှု မရှိဘဲ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

သဘောတူညီချက် ချနိုင်ဖို့ နောက်ဆုံး ငြိနေတဲ့ အချက်တွေထဲက တချက်က အီရန်က ယူရေနီယမ် သန့်စင်ရေးကို ဆက်လက် လုပ်ဆောင်ခွင့် ပေးဖို့ တောင်းဆိုနေတာ ဖြစ်တယ်လို့ ဒီဆွေးနွေးပွဲတွေကို သတင်းယူနေတဲ့ ဘီဘီစီသတင်းထောက်တွေက ပြောပါတယ်။

ဒါဟာ အရပ်ဖက်သုံး စွမ်းအင် ထုတ်ဖို့ အခုလို တောင်းဆိုရတာပါလို့ အီရန်က ပြောပေမယ့် နိုင်ငံတကာ အဖွဲ့တွေက နျူကလီးယား လက်နက်ထုတ်ဖို့ ဖြစ်မှာ စိုးရိမ်နေတာ ဖြစ်ပါတယ်။

တခါ အီရန် နျူကလီးယား ကိစ္စ သဘောတူညီမှု အဆိုပြုချက် အပေါ် မစ္စတာ နက်တန်ရာဟူးရဲ့ ဝေဖန် ပြောဆိုမှု ထွက်ပေါ်လာခဲ့ပြီး အမေရိကန် သမ္မတ အိုဘားမားဟာ အစ္စရေး ဝန်ကြီးချုပ်ဆီ ဖုန်းဆက်ခဲ့ပါတယ်။

ဂျီနီဗာ ဆွေးနွေးပွဲက အခြေအနေတွေကို မစ္စတာ အိုဘာမားက အစ္စရေး ခေါင်းဆောင်ကို ရှင်းပြခဲ့ပြီး အီရန်က နျူကလီးယား လက်နက်ထုတ်လုပ်မှု ရပ်တန့်သွားအောင် ကြိုးပမ်းချင်တဲ့ သူ့ဆန္ဒကို ထပ်တလဲလဲ ပြောပြခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အီရန်ဟာ ကာလရှည်ကြာ စောင့်စားခဲ့ရတဲ့ သဘောတူညီမှု ရနိုင်ချေ နီးလာနေပြီး သူ့အပေါ် ပိတ်ဆို့ အရေးမှုတွေ ရုတ်သိမ်းလိုက်ရင် အပြန်အလှန် အနေနဲ့ ဘာမှ ရမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက မစ္စတာ နက်တန် ရာဟူးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။