ဖိလစ်ပိုင်ကို ကူညီဖို့ ကုလသမဂ္ဂ ပန်ကြား

မုန်တိုင်း ဒုက္ခသည်တွေကို အကူအညီ ပေးနိုင်ရေးအတွက် အလှူငွေ ဒေါ်လာ သန်း သုံးရာ လှူဒါန်း ထည့်ဝင်ကြဖို့ ကုလသမဂ္ဂ အဖွဲ့ကြီးက ပန်ကြားလိုက်ပါတယ်။

လမ်းတွေ ပိတ်နေတဲ့အတွက် ကယ်ဆယ်ရေး အကူအညီတွေ ရောက်ဖို့ နှေးကွေးနေတယ်လို့ လူမှုကယ်ဆယ်ရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှုး Valerie Amos က ထုတ်ဖေါ် ပြောဆိုသွားခဲ့ပါတယ်။

ကယ်ဆယ်ရေး အကူအညီတွေ ပို့နိုင်ဖို့ နောက်ထပ် ရဟတ်ယာဉ်တွေ အရေးပေါ် လိုအပ်နေသလို အပျက်အစီးတွေကိုလဲ ဖယ်ရှားနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အခုဒီမုန်တိုင်းဒဏ်ရဲ့ ပမာဏဟာ ဆူနာမီ ဒီလှိုင်းဒဏ်လောက် ကြီးတယ်လို့ ပြောနိုင်ပါတယ်။ အဲဒီကို ကိုယ်တိုင် မရောက်ပဲနဲ့တော့ ဒီဘေးဒဏ် ပမာဏကို နားလည် သဘော ပေါက်ကြမှာ မဟုတ်ပါဘူးလို့ Valerie Amos က ပြောပါတယ်။

George Washington အမေရိကန် လေယာဉ်တင် သင်္ဘောကြီးကတော့ ကယ်ဆယ်ရေး အထောက်အပံ့တွေ ကူညီ ဖြန့်ဖြူးပေးဖို့ ဟောင်ကောင်ကနေ ဖိလစ်ပိုင် နိုင်ငံဆီ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

အဲဒီ သင်္ဘောကြီးပေါ်မှာ ရဟတ်ယာဉ် ၂၁စင်း အပါအဝင် လေယာဉ် ၈၀ကျော် တင်ဆောင်သွားပြီး လာမယ့် နှစ်ရက် သုံးရက်အတွင်း ဖိလစ်ပိုင်နိုင်ငံကို ဆိုက်ရောက်မယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံကလည်း သင်္ဘောကြီး တစင်းနဲ့ စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ယာဉ်တစင်း ကို ဖိလစ်ပိုင် နိုင်ငံဆီ စေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။

ဂျပန်၊ တောင်ကိုးရီးယား၊ မလေးရှား၊ ဂျာမနီနဲ့ အစ္စရေး အပါအဝင် တခြား နိုင်ငံတွေကလည်း မုန်တိုင်းသင့် ဒေသဆီကို ကယ်ဆယ်ရေး ဝန်ထမ်းတွေ စေလွှတ်ပေးမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ