ဟိုင်ယန်လေမုန်တိုင်း ရာသီဥတုပြောင်းလဲလာမှုကို သတိပေးနေ

  • 13 နိုဝင်ဘာ 2013
Image caption ရာသီဥတု ပိုပူလာတာကြောင့် ပင်လယ်ရေ မြင့်တက်

ဖိလိပိုင်နိုင်ငံမှာ လူအများအပြား သေဆုံးခဲ့ရပြီး လူသန်းနဲ့ချီ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံနေကြရတဲ့ ဟိုင်ယန်လေမုန်တိုင်းဟာ ရာသီဥတု ပြောင်းလဲလာနေတာကို သတိပေးနှိုးဆော်လိုက်တာဘဲလို့ ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာ့မိုးလေဝသ အဖွဲ့ ကြီးတွေရဲ့ အကြီးအကဲတွေက ပြောကြားလိုက်ပါတယ်။

ဒီနှစ်ဟာ ကမ္ဘာမှာ စံချိန်တင်ရတဲ့ ထိပ်ဆုံးက အပူဆုံးနှစ်တွေ စာရင်းထဲကို ဝင်လာနေပြီလို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့က ဖေါ်ပြခဲ့ပါတယ်။

မနှစ်က အမေရိကန်ပြည်ထောင်စုတဝန်းမှာ စံချိန်တင် ပူခဲ့ပြီး ဒီနှစ် သြစတြေးလျနိုင်ငံမှာ အပူချိန်က စံချိန်တင်ခဲ့တယ်၊ ဒီနှစ်တွေဟာ ၁၉၉၈ခုနှစ်နောက်ပိုင်း ကမ္ဘာမှာ အပူဆုံးနှစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၉၈ ခုနှစ်နောက်ပိုင်း အအေးဆုံးဆိုတဲ့ နှစ်တွေတောင် ၁၉၉၈ခုနှစ်မတိုင်ခင်က အပူဆုံးဆိုတဲ့ နှစ်တွေ ထက် ပိုပူလာနေတယ်လို့ ပြောပါတယ်။

အရင်က မိုးလေဝသအခြေအနေတွေဟာ မျှမျှတတရှိနေခဲ့ပေမယ့် အခုနောက်ပိုင်း အရင်ကထက် ပိုပူလာနေတာကြောင့် သိပ္ပံပညာရှင်တွေက ဒါဟာ သဘာဝအတိုင်း ရာသီဥတုပြောင်းလဲလာမှု မဟုတ်တော့ဘူးလို့ ယူဆကြပါတယ်။

ဆိုင်ကလုန်းလေမုန်တိုင်း တခု ဖြစ်ပေါ်လာတာဟာ ရာသီဥတုပြောင်းလဲမှုနဲ့ တိုက်ရိုက် မပတ်သက်နိုင်ပေမယ့် ရာသီဥတုပူနွေးလာတာကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုတွေဟာ ပင်လယ်ကမ်းခြေအနီး နေထိုင်သူတွေကို ပိုပြီး ထိခိုက်စေတာကို တွေ့နေရတယ်လို့ ကမ္ဘာမိုးလေဝသအဖွဲ့အကြီးအကဲ မိုင်ကယ် ဂျရတ်က ပြောပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် မုန်တိုင်းတွေ ပိုပြီး မကြာခဏဖြစ်လာသလားဆိုတာ အသေအချာ မပြောနိုင်ပေမယ့် မုန်တိုင်းတွေကို ပိုပြီး ပြင်းထန်လာစေလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။

အခုလို သတိပေးချက်ကို လစ်လျူမရှုသင့်ဘူးလို့ ကမ္ဘာ့ ဘဏ်ဥက္ကဋ္ဌ ကင်ရုံကင်က ပြောခဲ့ပြီး ဟိုင်ယန်လို ပြင်းအား အဆင့် ၅ ရှိတဲ့ လေမုန်တိုင်းမျိုးတွေ အရင်က တသက်မှာ တခါသာ တိုက်လေ့ရှိခဲ့ပေမယ့် အခုတော့ တလထဲတင် ဒေသတခုတည်း ၂ ခါတိုက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ