ဂျူးအိမ်ယာသစ် ဆောက်မယ့် အစီအစဉ် အစ္စရေးရပ်

  • 13 နိုဝင်ဘာ 2013
Image caption အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမန် နက်တန်ရာဟူး

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမန် နက်တန်ရာဟူးဟာ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ပါလက်စတိုင်း အနောက်ဖက်ကမ်းဒေသက ဂျူးအခြေချ အိမ်ယာသစ် ဆောက်လုပ်မယ့် အစီအစဉ်တွေကို ရပ်ထားဖို့ အမိန့်ထုတ် လိုက်ပါတယ်။

အီရန် နျူကလီးယား အစီအစဉ် အပေါ် ပြင်းထန်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်ဖို့ အစ္စရေးက တွန်းအားပေးနေချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပဋိပက္ခ မဖြစ်လိုတာကြောင့် အခုလို လုပ်ဆောင်ရတာပါလို့ မစ္စတာ နက်တန် ရာဟူးက ပြောပါတယ်။

စီမံကိန်း ရပ်ထားမယ့် အကြောင်းကိုလည်း မနေ့က အစောပိုင်းတုန်းက ဆောက်လုပ်ရေး ဝန်ကြီးက ကြေညာခဲ့ပြီးပြီလို့ သူက ဆိုပါတယ်။

ဒီအစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန်ကတော့ သူတို့ ကြိုမသိခဲ့ဘူးလို့ ပြောပါတယ်။

ဂျူးအခြေချ အိမ်ယာတွေ ဆက်ဆောက်မယ် ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တက်ရောက်မှာ မဟုတ်ဘူးလို့ ပါလက်စတိုင်းက ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။