မုန်တိုင်းဒုက္ခသည်အားလုံးကို ကူဖို့ ဖိလစ်ပိုင် အစိုးရ ကတိပြု

  • 13 နိုဝင်ဘာ 2013
Image caption မုန်တိုင်းသင့် ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ရေး ကြိုးစားလုပ်နေရဆဲ

ဖိလစ်ပိုင်နိုင်ငံမှာ ဟိုင်ယန် တိုင်ဖွန်း မုန်တိုင်း ဒဏ် ခံခဲ့ရသူတွေ အားလုံးကို တယောက်မကျန် အကူအညီရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ဖိလစ်ပိုင် အစိုးရက ကတိပြု ပြောကြားလိုက် ပါတယ်။

တိုးပွားလာတဲ့ ဝေဖန် ပြောဆိုမှုတွေကို တုန့်ပြန်တဲ့ အနေနဲ့ အစိုးရ ဝန်ကြီးအဖွဲ့ အတွင်းဝန် Rene Almendras က ဟိုင်ယန် တိုင်ဖွန်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရမှု ပမာဏအပေါ် အကြီးအကျယ်အံ့အားသင့် စိတ်ထိခိုက်ခဲ့ရကြောင်း ထုတ်ဖေါ် ပြောကြားသွားပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာ အကြီးမားဆုံး စိန်ခေါ်မှုကြီးနဲ့ ရင်ဆိုင်နေရပြီး ဒါမျိုး အရင်က တခါမှ မကြုံခဲ့ဖူးကြောင်းနဲ့ မုန်တိုင်းသင့် ဒုက္ခသည်တွေအတွက် သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ အရောက်ပို့နိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ကြောင်း သူက ပြောပါတယ်။

ဟိုင်ယန် မုန်တိုင်းဒဏ်ကြောင့် လုံးဝနီးပါး ထိခိုက် ပျက်စီးခဲ့ရတဲ့ တက္ကလိုဘန်မြို့ လေဆိပ်ဆီကိုတော့ အခုအခါ နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီတွေ စရောက်လာကြပါပြီ။

တက္ကလိုဘန် မြို့မှာ ရောက်နေတဲ့ ကုလသမဂ္ဂ ကယ်ဆယ်ရေး ဆိုင်ရာအကြီးအကဲ Valerie Amos က အဲဒီမှာ ဒေသခံတွေ အနေနဲ့ စားနပ်ရိက္ခာ သောက်သုံးရေ မရတာ ၅ရက်ကြာ ရှိသွားပြီ ဖြစ်ပြီး အခြေအနေတွေ အတော်လေး ဆိုးဝါးနေ တယ်လို့ ပြောပါတယ်။