ဟိုင်ယန် ဒဏ်ခံ ပြည်သူများ အကူအညီ လိုအပ်နေ

  • 13 နိုဝင်ဘာ 2013

တိုင်ဖုန်း မုန်တိုင်းဒဏ် ခံခဲ့ကြရပြီး ၅ ရက် အကြာမှာ မုန်တိုင်းသင့် ဒေသက သိန်းနဲ့ ချီတဲ့ လူတွေဟာ စားစရာနဲ့ ရေ ရရှိဖို့ ကြိုးပမ်း ရှာဖွေနေကြပါတယ်။

မုန်တိုင်းဒဏ် အကြီး အကျယ် ခံခဲ့ရတဲ့ Tacloban မြို့ပြင်ဘက်က ဆန်ဂိုထောင်ကို ဝင်ဖောက်ပြီး စားစရာ ဝင်ယူသူ ၈ ယောက် ဟာ နံရံ ပြိုကျလို့ သေဆုံးခဲ့ပါတယ်။

အဲဒီက လူတွေ ဟာ စားစရာ၊ ရေနဲ့ ဆေးဝါးတွေ အရေးတကြီး လိုအပ် နေပေမယ့် တရားဥပဒေ စိုးမိုးမှု မရှိတဲ့ အတွက် အကူအညီ ဖြန့်ဝေ ပေးရေးမှာ အခက် အခဲတွေ ရှိနေတယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

ဖိလစ်ပိုင် စစ်တပ် ပြောရေး ဆိုခွင့် ရှိသူ Ramon Zagala က အခုလောက် အတိုင်း အတာ အထိ ဖြစ်ခဲ့တဲ့ အရေးပေါ် အခြေ အနေ အတွက် ဘယ်သူမှ ကြိုတင်ပြင်ဆင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဖိလစ်ပိုင် နိုင်ငံ အနေနဲ့ တိုင်ဖုန်း မုန်တိုင်း ဒဏ်ကို အကြိမ်ကြိမ် ခံခဲ့ရဖူးပေမယ့် ဒီလောက်အထိ ထိခိုက် ပျက်စီးမှုတွေ ရှိလာလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့် မထားကြဘူးလို့ သူက ပြောပါတယ်။ မုန်တိုင်းဟာ စစ်တပ်နဲ့ ရဲတွေကိုတောင် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်လို့လဲ သူက ပြောပါတယ်။

ကမ္ဘာ တလွှားက နိုင်ငံ တွေက အကူအညီတွေ ပေးမယ်လို့ ကတိပြုထားကြပါတယ်။ အမေရိကန်နဲ့ ဂျပန်က ရေတပ် သင်္ဘောတွေ စေလွှတ်ဖို့ ကတိပြုခဲ့သလို နယ်မြေ အငြင်းပွားမှု ဖြစ်နေတဲ့ တရုတ် နိုင်ငံကတောင် အလှူငွေ ဒေါ်လာ တစ်သိန်း ကူညီမယ်လို့ ကမ်းလှမ်းထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ