ကလေးတယောက်မူကို တရုတ်အစိုးရ လျှော့ပေးမယ်

  • 16 နိုဝင်ဘာ 2013
china_baby_
Image caption မိခင်တွေ ကလေး တယောက် မက ချီကြရတော့မယ်

တရုတ်ပြည် မှာတော့ တအိမ်ထောင် ကလေး တယောက်သာ ယူရမယ် ဆိုတဲ့ မူကို ဖြေလျှော့ ပေးတာနဲ့ တခြား ပြုပြင် ပြောင်းလဲမှု တွေလုပ် တော့မှာ ဖြစ်ပါတယ်။

အခု လုပ်မယ် ဆိုတဲ့ ပြုပြင် ပြောင်းလဲမှုတွေထဲမှာ ဒီ တအိမ်ထောင် ကလေး တယောက်မူတင် မကပါဘူး။

ဝေဖန်မှုတွေ ခံနေရတဲ့ ပြန်လည် ပညာပေးရေး စခန်းတွေ ကိုလည်း ဖျက်ပစ် တော့မှာ ဖြစ်ပါတယ်။ နောက်ပြီး သေဒဏ် အပြစ်ပေး ခံရလောက်တဲ့ ပြစ်မှု အမျိုးအစား တွေကိုလည်း လျှော့ချ ပစ်မယ်လို့ ကွန်မြူနစ် ပါတီရဲ့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။

ဒါကတော့ လူ့အခွင့်အရေး နဲ့ တရားစီရင်ရေး အပိုင်းတွေမှာ တိုးတက်မှုတွေ ရှိလာတဲ့ သဘော လို့ ပြောနိုင်ပါတယ်။

အာဏာရ ကွန်မြူနစ် ပါတီရဲ့ အကြီးအကဲတွေ ဒီသတင်းပတ်ထဲမှာ တွေ့ဆုံ ခဲ့အပြီးမှာ အခုလို ပြုပြင် ပြောင်းလဲမယ့် အစီအစဉ်တွေ လုပ်တော့မှာကို နိုင်ငံပိုင် ဆင်ဟွာ သတင်းမှာ ကြေညာ သွားခဲ့တာပါ။

ဒီ မိသားစု မူနဲ့ ပတ်သက်လို့လုပ်မယ့် ပြောင်းလဲမှုကတော့ တကယ်လို့ အိမ်ထောင်တခုမှာ မိဘ ၂ ဦးထဲက တဦးဦးဟာ တဦးတည်းသော ကလေး အဖြစ်နဲ့ ကြီးပြင်း ခဲ့ရတာ ဆိုရင် အဲဒီ အိမ်ထောင်မှာ ကလေး ၂ ယောက်အထိ ယူ ချင်ရင် ယူလို့ ရတော့မယ်လို့ ဆိုထားတာပါ။

ဒီ တအိမ်ထောင် ကလေးတယောက် မူကို လူဦးရေ တိုးနှုန်း ထိန်းချုပ်ဖို့ အတွက် ၁၉၇၀ ပြည့်နှစ်တွေရဲ့ အနှောင်းပိုင်းမှာ ပြဌာန်း ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံတွင်းမှာ အသက်ကြီးသူတွေ ပိုများလာ နေတာကြောင့် လုပ်သား အင်အား နည်းလာတာ၊ သက်ကြီး ရွယ်အို စောင့်ရှောက်မှုတွေ ပိုလုပ်လာရမှာ တွေကြောင့် ဒီမူကို သိပ်မကြိုက် ကြတော့တာ ဖြစ်ပါတယ်။

သူတို့ အခေါ်အရ ၄ -၂- ၁ ဆိုတဲ့ ကလေးတယောက်မူ ခေတ်မှာ မွေးလာ သူဟာ တချိန်မှာ မိဘ နှစ်ပါးနဲ့ နှစ်ဘက် အဘိုးအဘွားတွေကို ပါပြန်ကြည့်ရတယ် ဆိုတဲ့ ကိစ္စပါ။

ဒါပေမယ့် ကျေးလက် ဒေသတွေမှာ ကျပြန်တော့ ပထမ ကလေးက မိန်းကလေးဆိုရင် နောက်ထပ် တယောက် ထပ်ယူနိုင်တဲ့ အခွင့်အလမ်း တော့ ရှိပါတယ်။

အခု မူအသစ်တွေကြောင့် ကျေးလက် ဒေသနဲ့ စာရင် ပိုပြီး တင်းကျပ်ထားတဲ့ မြို့ကြီး ပြကြီးတွေမှာ ထားရှိတဲ့ စည်းကမ်းတွေပါ ဖြေလျှော့ တော့မယ် ဆိုတဲ့ သဘောပါ။ ဒါပေမယ့် ဘေကျင်း မြို့တော်က လူတွေအဖို့ကတော့ ဒီလို လျှော့တာတောင်မှ မြို့ပြ ကြီးတွေမှာ နေရေး ထိုင်ရေး ခက်လွန်းလို့ မိသားစု ဘဝ ဆောက်တည်ဖို့ ဆိုတာ မလွယ်ဘူးလို့ ဆိုကြပါတယ်။

ဘေကျင်းမြို့က ကျန်း ချွန်ဟွမ်း ဆိုသူ ကတော့ အရင် ကလေးတယောက်မူ ပြဌာန်း ပြီးတဲ့ နောက်မှာလည်း တကယ်တော့ ဘယ်သူမှ အထူးတလည် လိုက်နာ နေခဲ့ကြတာ မဟုတ်ပါဘူး။ ဒီမူ မရှိရင်တောင် ကလေး တယောက်မက ယူဖို့ ဘယ်မိသားစုမှ မတတ်နိုင်ကြပါဘူး လို့ ပြောသွား ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က တရုတ် ခေါင်းဆောင်တွေ ညီလာခံ အပြီးမှာ လုပ်တော့မယ်လို့ ဆုံးဖြတ်ပြီး ကြေညာခဲ့တဲ့ ပြုပြင် ပြောင်းလဲမှု တွေထဲမှာ ဒီကလေး တယောက်မူအပြင် ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က စခဲ့တဲ့ လူထောင်ပေါင်းများစွာ ရှိနေတဲ့ ပြန်လည် ပညာပေး စခန်းတွေကို ပိတ်ဖို့ လည်း ပါပါတယ်။ အဲဒီ စခန်းတွေမှာ အပြစ်ရှိတယ်လို့ သံသယ ရှိသူတွေကို ရုံးတင် မစစ်ဘဲ နှစ်ပေါင်းများစွာ ထိန်းသိမ်း ထားတတ်တာမျိုးပါ။

နောက်ပြီး အခုလုပ်မယ့် ပြောင်းလဲမှုတွေ ထဲမှာ လွတ်လပ်တဲ့ စျေးကွက် စီးပွားရေး စနစ်ကို ပိုမို တွန်းအားပေးဖို့နဲ့ လယ်သမားတွေ အတွက် လယ်ယာ ပိုင်ဆိုင်ခွင့်တွေ ပိုပေး ဖို့လည်း ပါဝင်ပါတယ်။ နောက်ပြီး ယွန်ငွေ လဲလှယ်နှုန်းနဲ့ပတ်သက်လို့ ပိုပြီး လွတ်လပ်ခွင့် တွေပေးဖို့လည်း ပါဝင်ပါတယ်။

ဘေကျင်းမြို့တော်က ဘီဘီစီ သတင်းထောက် စေလီယာ ဟတ်တန်ကတော့ တရုတ် အစိုးရဟာ အရင်စလို ဆုံးဖြတ်ချက်တွေ လုပ်လေ့ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီ အခုလုပ်မယ့် ပြောင်းလဲမှုတွေ အထဲက တချို့ကို နိုင်ငံထဲက ဒေသတချို့မှာ အရင်ထဲက စမ်းသပ်ခဲ့ပြီးသားလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ