အသက်မသေဘဲ ကျန်ရစ်သူတွေ ကယ်ဆယ်ရေး အကူညီ မဲ့နေဆဲ

  • 15 နိုဝင်ဘာ 2013
Image caption အမေရိကန်ရဲ့ ကယ်ဆယ်ရေး အကူညီတွေ ရောက်

ဖိလစ်ပိုင် နိုင်ငံ အလယ်ပိုင်းမှာ ဟိုင်ယန် မုန်တိုင်း တိုက်ခိုက်ခဲ့ပြီး တပတ်နီးပါး အကြာမှာ ထောင်သောင်းချီတဲ့ အသက်မသေဘဲ ကျန်ရစ်သူတွေဟာ ကယ်ဆယ်ရေး အကူညီ မဲ့နေဆဲ ဖြစ်ပါတယ်။

မုန်တိုင်းဒဏ် အများဆုံးခံခဲ့ရတဲ့ တက္ကလိုဘန် မြို့မှာ ဆိပ်ကမ်းနဲ့ လေဆိပ်ကို သွားတဲ့ လမ်းတွေပေါ်မှာ လူတွေ တန်းစီနေပြီး ရိက္ခာ ၊ နေစရာနဲ့ သောက်ရေ လည်းမရှိ ၊ လုံခြုံရေး အခြေအနေကလည်း ဆိုးရွားလာနေတာကြောင့် အဲဒီအရပ်ကနေ စွန့်ခွာသွားကြဖို့ မျှော်လင့်နေကြပါတယ်။

နိုင်ငံတကာက အကူအညီတွေ အကြီးအကျယ် ရောက်ရှိလာနေပေမယ့် ကယ်ဆယ်ရေး အေဂျင်စီတွေက သူတို့ အနေနဲ့ မုန်တိုင်းသင့် ဒေသတွေကို သွားရောက် ဝေငှ မပေးနိုင်သေးဘူးလို့ ပြောပါတယ်။

လက်ရှိမှာ လူမှု ကယ်ဆယ်ရေး အကူအညီတွေ အရှိန်အဟုန်မြှင့် ဖြန့်ဝေပေးနိုင်ဖို့ အမေရိကန် စစ်သဘောကြီးမှာ တင်ဆောင်လာတဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုနေရပါတယ်။

ဖိလစ်ပိုင် ပြည်သူတွေ ၊ နေရင်း နိုင်ငံမှာ ကျန်ခဲ့တဲ့ ဆွေမျိုး မိသားစု သူငယ်ချင်းတွေ အတွက် စိုးရိမ်ပူပန်နေကြတဲ့ အမေရိကန် တလွှားက ဖိလစ်ပီးနိုး အမေရိကန် တွေ အတွက် ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။