သီရိလင်္ကာမှာ ဓနသဟာယ ညီလာခံစပြီ

  • 15 နိုဝင်ဘာ 2013
sri lanka
Image caption သီရိလင်္ကာ သမ္မတ Mr Rajapaksa

ဓနသဟာယ နိုင်ငံတွေရဲ့ ထိတ်သီး ဆွေးနွေးပွဲကြီးကတော့ ဒီကနေ့ သီရိလင်္ကာ နိုင်ငံမှာ စတင် ကျင်းပပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအစည်းအဝေးကြီးမှာ ဖုံးနေတဲ့ အရိပ်မည်းကြီးကတော့ သီရိလင်္ကာ မှာ လွန်ခဲ့တဲ့ ၄ နှစ်က ပြီးဆုံးခဲ့တဲ့ တမီးလ် ကျားသူပုန် တွေနဲ့ ပြည်တွင်းစစ်အတွင်း အစိုးရဘက်က စစ်ရာဇဝတ်မှု တွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေပါ။

အဲဒီ လွန်ခဲ့တဲ့ ၄ နှစ်က ပြီးတွင်းစစ် ကာလရဲ့ နောက်ဆုံး ၅ လလောက်အတွင်းမှာ အရပ်သား ပြည်သူ ၄ သောင်းလောက် သေကြေ ခဲ့ကြရတယ်လို့ ကုလသမဂ္ဂက မှန်းထားပါတယ်။ သီရိလင်္ကာ သမ္မတကတော့ သူ့အစိုးရအနေနဲ့ ဒီလို ပြစ်မှုကျူးလွန်တဲ့ မည်သူ့ ကိုမဆို အရေးယူမှာပဲ လို့ ပြောနေပါတယ်။

ဒါတွေတင်လား ဆိုတော့ မကသေးဘဲ စာနယ်ဇင်း လွတ်လပ်ခွင့် တွေ၊ တရားစီရင်ရေးနဲ့ ပတ်သက်လို့ လွတ်လပ်ခွင့်တွေ၊ နောက် လူနည်းစုတွေရဲ့ လုံခြုံရေး ပြဿနာတွေကလည်း ရှိနေပါတယ်။

သီရိလင်္ကာ ဘက်ကတော့ ၂၆ နှစ်ကြာ ပြည်တွင်းစစ် နောက်ပိုင်းမှာ အခုလို ညီလာခံ ကျင်းပနိုင်လို့ ကျေနပ် အားရ ဂုဏ်ယူ နေကြပါတယ်။

ဒါပေမယ့် ခုနက ပြည်တွင်းစစ် ကာလမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကြောင့် ဒီညီလာခံကို ဓနသဟာရ ခေါင်းဆောင် တချို့က မတက်ရောက်ဘဲ သပိတ်မှောက်လိုက်ကြပါတယ်။

အဲဒီ အထဲမှာ ကနေဒါ ဝန်ကြီးချုပ် စတီဗင် ဟာပါ နဲ့ သီရိလင်္ကာ ရဲ့ အိမ်နီးချင်း အိန္ဒိယ ရဲ့ ဝန်ကြီးချုပ် မာမိုဟန်ဆင်း နဲ့ မော်ရစ်ရှပ်စ် ဝန်ကြီးချုပ်တို့ လည်း ပါဝင် ပါတယ်။

ဒါပေမယ့် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကတော့ ဒီထိတ်သီး ညီလာခံကို တက်ရောက်မှာပါ။

သူသပိတ်မမှောက်ဘဲ တက်ရောက်လို့ ဝေဖန် သံတွေလည်း ထွက်နေပါတယ်။ မစ္စတာ ကင်မရွန်းကတော့ သူအဲဒီကို သွားရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုပြီး သတိပြု လာစေမယ်လို့ ဆိုပါတယ်။

မစ္စတာ ကင်မရွန်းက ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က အဖြစ်တွေကို သေချာ စုံစမ်းမှုတွေ လုပ်ဖို့ လိုမယ်၊ မေးခွန်းတွေ ထုတ်ရမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သီရိလင်္ကာ ဘက်ကတော့ သူဒီလို လာလုပ်ဖို့ ဖိတ်ထားတာ မဟုတ်ဘူးလို့ ပြောပါတယ်။

သူတို့ ဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံ၊ ကိုလိုနီမဟုတ်ဘူး ၊ လွတ်လပ်တဲ့ နိုင်ငံလို့ ပြောပါတယ်။

လွတ်လပ်တဲ့ နိုင်ငံဆိုပေမယ့် သီရိလင်္ကာ မှာ သတင်းသမား တချို့မှာတော့ အတားအဆီးတွေနဲ့ ကြုံနေရတာလည်း ရှိပါတယ်။

မကြာသေးခင်ကဘဲ ဘီဘီစီ ရဲ့ သတင်းထောက်နဲ့ ကင်မရာ ဆရာ တို့က သီရိလင်္ကာ သမ္မတကို မှတ်တမ်းဗီဒီယို ရိုက်ဖို့ ကြိုးစားရာမှာ လုံခြုံရေးတွေရဲ့ တားမြစ်တာကို ကြုံခဲ့ရပါတယ်။

အခုတော့ ဒီလို စစ်ရာဇဝတ်မှု တွေကို ကျူးလွန်မှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေ ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ နဲ့ အဓိက ခေါင်းဆောင်တချို့ မတက်ရောက်ကြဘဲ သပိတ်မှောက်ထားတဲ့ ကြားထဲကပဲ ဒီဓနသဟာယ ထိတ်သီးညီလာခံ စတင်ပါပြီ။

ညီလာခံမှာ ဆွေးနွေးကြမယ့် အကြောင်းအရာ တွေထက်စာရင် အိမ်ရှင် နိုင်ငံ သီရိလင်္ကာ ဟာ သူတို့ ဓနသဟာယရဲ့ စံချိန် စံညွှန်းတွေအတိုင်း လိုက်နာ ရပ်တည်နိုင်သလား ဆိုတာက ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ