လစ်ဗျား မှာ အခြေအနေ ရှုပ်ထွေး

  • 17 နိုဝင်ဘာ 2013
tripoli
Image caption ဆန္ဒပြ လစ်ဗျား အရပ်သားတွေ ထိခိုက် သေဆုံးခဲ့

လစ်ဗျား နိုင်ငံ ထရီပိုလီ မြို့တော်မှာ တခြားမြို့က လက်နက်ကိုင် တပ်တွေ အားလုံး ထွက်ခွာဖို့ ၃ရက်ကြာ အထွေထွေ သပိတ်ကြီး လုပ်မယ်လို့ မြို့တော် ကောင်စီ အကြီးအကဲက တောင်းဆို လိုက်ပါတယ်။

လစ်ဗျား ထောက်လှမ်းရေး ဒုတိယ အကြီးအကဲ လေဆိပ်က အပြန်လမ်းမှာ ပြန်ပေးဆွဲခံရတယ် လို့လည်း သတင်းရရှိ ပေမယ့် အစိုးရက အတည် မပြုနိုင်ပါဘူး။

ပြီးခဲ့တဲ့ သောကြာနဲ့ စနေနေ့ တုန်းက ထရစ်ပိုလီမှာ တပ်စွဲ အခြေချ နေတဲ့ အနောက်ပိုင်း မီဆူရာတာမြို့က အင်အားကြီး လက်နက်ကိုင် အဖွဲ့တဖွဲ့နဲ့ ဆန္ဒပြသူတွေ အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွား ခဲ့ရာမှာ အနည်းဆုံး ၄၃ ဦး သေဆုံးပြီး လူရာနဲ့ချီ ဒဏ်ရာ ရခဲ့ပါတယ်။

ဒါပေမဲ့လည်း ထရစ်ပိုလီ မြို့တော်မှာ တခြား လက်နက်ကိုင်တွေ လည်း အခြေစိုက်နေတာ ဖြစ်ပါတယ်။

လစ်ဗျား နိုင်ငံမှာ တနင်္ဂနွေနေ့ ဟာ ရုံးဖွင့်ရက် ကျောင်းဖွင့်ရက် ဖြစ်ပေမယ့် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပြီးနောက် ထရစ်ပိုလီ မြို့တော်ရဲ့ လမ်းအတော် များများမှာ လူသူကင်းမဲ့ နေပါတယ်။

စျေးဆိုင်တွေ၊ စာသင်ကျောင်းတွေ အတော်များများ လည်း ပိတ်ထားတာ တွေ့ရပါတယ်။ ဖွင့်တဲ့ စျေးဆိုင် တချို့ ကိုလည်း လက်နက်ကိုင် တွေက လာပိတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

မုန့်ဆိုင်တွေ ကုန်စုံဆိုင် တွေနဲ့ ဆေးဆိုင်တွေ ကတော့ ဖွင့်တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက လက်နက်ကိုင် တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေက ထရစ်ပိုလီမြို့မှာ လာအခြေစိုက် နေတဲ့ မစ်ဆူရာတာ မြို့က လက်နက်ကိုင် အုပ်စု တစုကို မြို့ထဲကနေ ထွက်ခွာဖို့ တောင်းဆို ဆန္ဒပြခဲ့ လက်နက်ကိုင်တွေက သေနတ်တွေနဲ့ ပစ်ခတ် တုံ့ပြန်ခဲ့ပါတယ်။

အဲဒီနောက် တခြား လက်နက်ကိုင် တွေနဲ့ အရပ်သားတွေ အဲဒီ အဖွဲ့ အခြေစိုက်ရာ စခန်းဆီ ပြန်သွား ခဲ့ကြရာမှာ နာရီများစွာ ထိပ်တိုက် ရင်ဆိုင်တွေ့ခဲ့ပြီး အခုလို ထိခိုက်သေဆုံး ခဲ့ရတာပါ။

လစ်ဗျား နိုင်ငံမှာ တရားမဝင် ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့တွေကို ဖျက်သိမ်းပြီး စစ်တပ်နဲ့ ရဲတွေ ပြန်ထိန်းချုပ်ဖို့ နိုင်ငံတဝှမ်း တောင်းဆိုမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်က လစ်ဗျား ခေါင်းဆောင် မွမ်မာ ဂဒါဖီ ကို ဖြုတ်ချရာမှာ အကူအညီ ပေးခဲ့ကြတဲ့ လက်နက်ကိုင် အဖွဲ့တွေက လက်နက်တွေ စွန့်ဖို့ ငြင်းဆန် နေကြတဲ့ အတွက် ဝန်ကြီးချုပ် အာလီ ဇေဒန် အစိုးရ အနေနဲ့ လက်နက်ကိုင် တွေကို ထိန်းချုပ် နိုင်ရေးမှာ အခက်တွေ့ နေရတာ ဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ