လစ်ဗျား လက်နက်ကိုင် ပြဿနာ ကြီးထွားလာ

  • 18 နိုဝင်ဘာ 2013
Image caption ထိပ်တိုက် ရင်ဆိုင် မှုတွေကြောင့် လူ ၄၀ လောက် သေဆုံး ခဲ့ရ အပြီး အခြေ အနေတွေ တင်းမာ နေ

လစ်ဗျား နိုင်ငံ ထရစ်ပိုလီ မြို့တော်မှာ အခြေ စိုက် နေတဲ့ လက်နက်ကိုင် တွေကို မြို့ထဲ ကနေ ထွက်ခွာ ပေးဖို့ ဆန္ဒပြခဲ့ သူတွေနဲ့ လက်နက် ကိုင် အဖွဲ့တွေ အကြား ထိပ်တိုက် ရင်ဆိုင် မှုတွေကြောင့် လူ ၄၀ လောက် သေဆုံး ခဲ့ရ အပြီး အဲဒီမှာ အခြေ အနေတွေ တင်းမာ နေပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်တာ ကာလဟာ ဂဒါဖီ အစိုးရ ပြုတ်ကျ ခဲ့ပြီး ကတည်းက ဆိုရင် အခြေအနေ အဆိုးဝါးဆုံး ကာလလို့ ပြောရမှာ ဖြစ်ပါတယ်။ လက်နက် ကိုင် အဖွဲ့တွေ အချင်းချင်း တိုက်ကြ ခိုက်ကြ၊ အဲဒီ ကနေ အခုဆို ဆန္ဒပြတဲ့ အရပ်သားတွေ သေဆုံးတဲ့ အထိ ဖြစ်ခဲ့ရ တာပါ။

အဲဒီ လက်နက်ကိုင် အဖွဲ့တွေ ကိုယ့်သဘောနဲ့ ကိုယ် လက်နက် မစွန့်လွှတ်ဘူး ဆိုရင် သူတို့ လက်နက်စွန့်အောင် နိုင်ငံ တကာက ကူညီ ဆောင်ရွက်ပေးဖို့ လစ်ဗျား ဝန်ကြီးချုပ် အာလီ ဇေဒန်းက ပန်ကြားထား ပါတယ်။

လစ်ဗျား ပြည်သူတွေ အနေနဲ့ စစ်ရေး မဖက်တဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံကိုပဲ တည်ဆောက် ချင်နေကြပြီး လက်နက်ကိုင်တွေ လက်နက် စွန့်ကြဖို့ လိုလား နေကြ တယ် လို့ ဆိုပါတယ်။

ပြဿနာက လက်နက်ကိုင်တွေ ဘက်က ဒီလို ချိုချို သာသာ ပန်ကြားမှု မျိုးတွေကို သိပ် အရေး စိုက်တာ မဟုတ်ပါဘူး။ လစ်ဗျား နိုင်ငံမှာ ကဒါဖီ အစိုးရ ပြုတ်ကျ သွားခဲ့ အပြီး ဂဒါဖီ ပြုတ်ကျအောင် ကူညီ တိုက်ခဲ့ ကြတဲ့ လက်နက်ကိုင် တွေကို အစိုးရ လုံခြုံရေး တပ်ဖွဲ့သစ်ထဲ ဝင်ပေါင်းဖို့ စီမံကိန်း အမျိုးမျိုးနဲ့ ကြိုးစား ခဲ့ပေမယ့် အောင်မြင်မှု မရှိခဲ့ပါ။

Image caption လက်နက်ကိုင် အဖွဲ့တွေ ကြီးစိုးပြီး ပြည်သူတွေ အပေါ် လေးစားမှု မရှိတဲ့ ပြဿနာတွေပါ

ပြီးခဲ့တဲ့ သီတင်းပတ်တွေ တုန်းက ဝန်ကြီးချုပ် ဇေဒန်း ကိုယ်တိုင် လက်နက်ကိုင် အဖွဲ့ တဖွဲ့ရဲ့ ပြန်ပေးဆွဲ ခံခဲ့ရ တာပါ။ သူ့အရှိန် သြဇာကြောင့် နာရီပိုင်း အတွင်း ပြန်လွတ်လာ ပေမယ့် တခြား ပြန်ပေးဆွဲ ခံခဲ့ရသူ အတော် များများ ကတော့ ကံမကောင်းကြပါဘူး။

အခု ကြုံနေရတဲ့ ပြဿနာတွေ ဟာ ဂဒါဖီ အစိုးရ လက်ထက် တုန်းက မကြုံခဲ့ ဖူးတဲ့ ပြဿနာ တွေပါ။ လက်နက်ကိုင် အဖွဲ့တွေ ကြီးစိုး နေတာ၊ လက်နက် ခဲယမ်း တွေ နေရာ အနှံ့ ပြန့်ကျဲ နေတာ၊ ပြည်သူတွေ အပေါ် လေးစားမှု မရှိတာ စတဲ့ ပြဿနာတွေပါ။

အိမ်ထဲမှာ နေရင်လည်း ကြောက်ရွံ့နေရတယ်။ အိမ်ပြင် ထွက်ရင်လည်း ကြောက်ရွံ့ နေရတယ်။ လက်နက်ကိုင်တွေ ကပဲ သေနတ် ကိုင်ပြီး အုပ်ချုပ် မင်းလုပ် နေတာကို ခံနေရ ပါတယ်လို့လည်း လူတွေက ပြောပါတယ်။

ကဒါဖီ ချန်ထား ရစ်ခဲ့တဲ့ ဆိုးမွေတွေ ထဲမှာ သူ့စစ်တပ် ကနေ လုယက် ယူထားတဲ့ အန္တရာယ် များတဲ့ လက်နက် ခဲယမ်းတွေ နေရာ အနှံ့ လူတကာ လက်ထဲ ရောက်နေ တဲ့ ကိစ္စလည်း တခု အပါ အဝင်ပါ။

ဗြိတိန် နိုင်ငံက ကြီးမှူး လုပ်ခဲ့တဲ့ စစ်တမ်း တခု အရ အီရတ် နိုင်ငံမှာ ဆဒ္ဒမ် ဟူစိန် ပြုတ်ကျ အပြီး ကာလ နေရာ အနှံ့ ပြန့်ကျဲ ရောက်သွား ခဲ့တဲ့ လက်နက် ခဲယမ်း ပမာဏထက် အခု လစ်ဗျား နိုင်ငံမှာ ကဒါဖီ ပြုတ်ကျ အပြီး လက်နက်ကိုင်တွေ လက်ထဲ ရောက်သွားတဲ့ လက်နက်ခဲယမ်း ပမာဏဟာ အဆ ၈၀ ကနေ တရာ လောက် အထိ ပိုများ တယ်လို့ လေ့လာ တွေ့ခဲ့ရ ပါတယ်။

Image caption လက်နက်ကိုင် အဖွဲ့တွေ အချင်းချင်း တိုက်ကြ ခိုက်ကြ၊ အဲဒီကနေ ဆန္ဒပြတဲ့ အရပ်သားတွေ သေဆုံးတဲ့ အထိ ဖြစ်ခဲ့ရ

လက်ရှိ လစ်ဗျား အစိုးရ လုံခြုံရေး တပ်ဖွဲ့သစ်ကို ကဒါဖီကို ဖြုတ်ချ ရာမှာ အကူ အညီ ပေးခဲ့တဲ့ အနောက် အုပ်စု နိုင်ငံ တချို့က စစ်သင်တန်းတွေ ပေး ဖွဲ့စည်း ထား ပေမယ့် နိုင်ငံ အနှံ့ ပြန့်ကျဲ နေတဲ့ လက်နက်ကိုင် အုပ်စုတွေကို တွန်းလှန်ဖို့ အခြေ အနေ မပေးနိုင်ပဲ ဖြစ်နေရပါတယ်။

တကယ်လို့သာ ကဒါဖီကို ဖမ်းဆီး မိတုန်းက လမ်းမှာတင် အသေမသတ် ပစ်ပဲ ရုံးတင် တရားစွဲ ခဲ့မယ် ဆိုရင် ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလ အခြေအနေဟာ တမျိုး ဖြစ်ကောင်း ဖြစ်မယ်လို့ သုံးသပ် သူတွေလည်း ရှိနေပါတယ်။

ဒါဆိုရင် လစ်ဗျားနိုင်ငံမှာ တရား ဥပဒေ အရ စီရင် ဆုံးဖြတ်တဲ့ နမူနာကောင်းကို လစ်ဗျား ပြည်သူတွေ နားလည် သဘော ပေါက်သွားနိုင်ဘွယ် ရှိပါတယ်။ အခု အခါ တရားရေး ဝန်ကြီး အဖြစ် တာဝန်ယူ ထားတဲ့ ဆလာ အယ်လ် မာဂါနီ ကတော့ သူ့ အနေနဲ့ မျှော်လင့်ချက် ရှိပါသေးတယ်။

အစိုးရ ပြုတ်ကျ အပြီး တော်လှန်ရေး ကာလကို ကိုင်တွယ် ဖြေရှင်းရာမှာ ဘယ်လောက် ခက်ခဲ သလဲ ဆိုတာ လစ်ဗျား ပြည်သူတွေ သဘော မပေါက်ခဲ့ကြလို့ အခုလို ဖြစ်ခဲ့ တာလို့ ယူဆကြောင်း ပြောသွားတာပါ။

လစ်ဗျား ပြည်သူတွေ အနေနဲ့ နိုင်ငံ အနာဂါတ်နဲ့ ပတ်သက်လို့ လုံခြုံ စိတ်ချမှု မရှိသေးပါဘူး။ နိုင်ငံ လုံခြုံမှု မရှိသေး သမျှတော့ လစ်ဗျား ပြည်သူတွေ အနေ နဲ့ ဂဒါဖီ အစိုးရရဲ့ ဆိုးမွေ အရိပ်မည်းကြီးက ဆက်ပြီး ခြောက်လှန့် နေဦး မှာပဲလို့ ဘီဘီစီ သတင်းထောက် Jeremy Bowen က သုံးသပ်ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ