အီရန်က သူ့ လိုလားချက် လျှော့မှာ မဟုတ်

  • 20 နိုဝင်ဘာ 2013
Iran's Supreme Leader Ayatollah Khamani
Image caption အီရန်ရဲ့ အခြေခံ တောင်းဆိုချက်တွေကို လေးစား ဖို့ ဘာသာရေး ခေါင်းဆောင်ပြော

အီရန် အဏုမြူ ရေး အတွက် တစ်လက်မမှ နောက်ဆုတ် မပေးနိုင်ဘူးလို့ အီရန် ဘာသာရေး ခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီက ပြောလိုက်ပါတယ်။

ဆွစ်ဇာလန်ကို အီရန် ကိုယ်စားလှယ်တွေ မသွားခင် ကထဲက ဘယ်လောက်ထိ စေ့စပ် လိုက်လျော နိုင်တယ် ဆိုတာကို ရှင်းရှင်း လင်းလင်း သတ်မှတ်ပြီး ဖြစ်တယ်လို့ အယာတိုလာ ခါမေနီက ဗုဒ္ဓဟူး နေ့က ရုပ်မြင်သံကြား ကနေ ပြောခဲ့ ပါတယ်။

ဂျီနီဗာ မှာကျင်းပမယ့် အီရန် အရေး ကမ္ဘာ့ ထိပ်သီး ၆ နိုင်ငံ ဆွေးနွေးပွဲ မတိုင်ခင် အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ကျူးကျော် ရန်စသူ မှန်သမျှ အီရန်ရဲ့ တုံ့ပြန်မှု ကို မမေ့ နိုင်အောင် ခံရ လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

ယူရေနီယံ သန့်စင်မှု အတွက် အီရန် ဘက်က လျှော့ မပေးနိုင်ဘူး ဆိုလို့ ဒီလထဲမှာပဲ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ မအောင် မမြင် ဖြစ်ခဲ့ရ ပါတယ်။

ဒီလို အီရန် ဘက်က တင်းမာ နေချိန်မှာပဲ အီရန်အပေါ် ထပ်မံ ပိတ်ဆို့မှုတွေ မချမှတ်ဘဲ အီရန်ကို သံခင်း တမန်ခင်း အတွက် အချိန်ပေးဖို့ အမေရိကန် ဆီးနိတ် လွှတ်တော် အမတ် တွေကို အမေရိကန် သမ္မတ အိုဘားမားက တောင်းဆို လိုက်ပါတယ်။

မကြာခင် မှာပဲ ၆ လ ခံ ယာယီ သဘော တူညီမှု တစ်ခု ရဖို့ အထိ မစ္စတာ အိုဘားမား ဆန္ဒပြင်းပြ နေပေမဲ့ ဒီညှိနှိုင်းမှု တွေကြောင့် ပိတ်ဆို့ မှုတွေ ဖယ်ရှား ပေးဖို့ မဖြစ်နိုင် သေးဘူးလို့ သူက ဆိုပါတယ်။

အီရန်ရဲ့ အဏုမြူ ခြေလှမ်း တွေကို အမြန် ထိန်းချုပ် နိုင်ဖို့ ၊ နိုင်ငံတကာ စုံစမ်း စစ်ဆေးမှုတွေ အဝင်ခံဖို့ အတွက် ဒီလို ညှိနှိုင်းမှု ရအောင် ကြိုးစား နေတာ လို့လည်း မစ္စတာ အိုဘားမားက ပြောပါတယ်။

သူ့ရဲ့ ထိပ်တန်း အကြံပေး အရာရှိဟောင်း နဲ့ လက်နက် ဖျက်သိမ်းရေး အိမ်ဖြူတော် ညှိနှိုင်းရေးမှူး ဖြစ်ခဲ့တဲ့ ဂယ်ရီ ဆာမိုး Gary Samore ကတော့ အီရန် အရေး အတွက် ကြီး ၆ ကြီး ခိုင်ခိုင် မာမာ ရပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

အားလုံး တညီထဲ မရပ်တည်နိုင် ကြရင်တော့ အီရန် ဘက်က တနိုင်ငံချင်းကို လှည့်ဖျား စျေးဆစ်တာ ခံကြရလိမ့်မယ်လို့ မစ္စတာ ဆာမိုးက ပြောပါတယ်။

ဂျီနီဗာ ဆွေးနွေးပွဲ အစမှာ အီးယူ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး အကြီးအကဲ ကက်သရင်း အက်ရှ်တန် နဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီး ဂျာဗက် ဇာရိဖ်တို့ ခေါင်းဆောင် ဆွေးနွေးကြဖို့ ရှိပြီး တန်းတူ ရည်တူ ဆွေးနွေး နိုင်ရေး အာမခံ ချက် ရှိဖို့ မစ္စတာ ဇာရိဖ်က တောင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ