လိင်တူ ဆက်ဆံသူတွေ အခွင့်အရေး ဆုံးရှုံးနေ

  • 23 နိုဝင်ဘာ 2013
Image caption UNAIDS ညီလာခံမှာ ပြောတဲ့ ဒေါ်စုရဲ့ ဗွီဒီယို သတင်းစကား

မြန်မာ နိုင်ငံမှာ လိင်တူ ဆက်ဆံတဲ့ အမျိုးသားတွေ အပေါ် ဥပဒေ ခွဲခြား နှိမ်ချမှုတွေ ရှိနေလို့ AIDS ရောဂါ ကာကွယ် ကုသ နိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ဘန်ကောက်မှာ ကျင်းပတဲ့ ၁၁ ကြိမ်မြောက် ကုလ သမဂ္ဂ အာရှ ပစိဖိတ် ဒေသဆိုင်ရာ AIDS ညီလာခံ ကို ဒေါ်အောင်ဆန်းစုကြည်က ပေးပို့ခဲ့တဲ့ သဝဏ်လွှာ မှာ ဖော်ပြထားပါတယ်။

UNAIDS အဖွဲ့ကြီးက မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခွဲခြားမှု လုံးဝ ပပျောက်ရေး ကမ္ဘာ့ အကျိုးတော်ဆောင် အဖြစ် မနှစ်က ခန့်အပ် ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မနှစ်က HIV ပိုး ကူးစက်နှုန်း မတက်အောင် ကြိုးစား နိုင်ခဲ့ပေမယ့် ပြည့်တန်ဆာနဲ့ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေကြား ကူးစက်မှုနှုန်း တက်နေတယ်လို့လည်း UNAIDS အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ ပြည်မှာ လိင်တူ ဆက်ဆံတဲ့ အမျိုးသားတွေ အတွက် AIDS ကာကွယ်ရေးမှာ ဘယ်လို အတားအဆီးတွေ ရှိနေလဲ သိရအောင် ရန်ကုန် အခြေစိုက် AIDS Alliance အဖွဲ့က စီမံကိန်း မန်နေဂျာ ဒေါက်တာ ထွန်းလင်းဦးကို မေးကြည့်တော့ လုံးဝ ခွဲခြားမှု ပပျောက်ရေး အထိ ရောက်ရှိဖို့ အတော်ကြိုးစားရလိမ့်မယ်လို့ သူက ဆိုပါတယ်။

တကယ်ပဲ မြန်မာပြည်မှာ လိင်တူ ဆက်ဆံတဲ့ အမျိုးသားတွေကို ဥပဒေနဲ့အရေးယူ နှိပ်ကွပ်တာတွေ ရှိနေသလား ဆိုတာနဲ့ ပတ်သက်ပြီး မန္တလေးမြို့က တရားလွှတ်တော် ရှေ့နေကြီး ဦးသိန်းသန်းဦး ကတော့ သူ့ရှေ့နေ သက်တမ်း အတွင်း ပုဒ်မ ၃၇၇ ခေါ် ဓမ္မတာ မဟုတ်သော စပ်ယှက်မှုနဲ့ အရေးယူတာ မတွေ့ကြောင်း ပြောပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံ ဒီမိုကရေစီ အကူးအပြောင်းမှာ ဖျက်သိမ်းဖို့ လိုတဲ့ ဥပဒေ အများအပြား ရှိတယ်လို့လည်း ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၈ က ၂၂ ထိ ကျင်းပခဲ့တဲ့ ဘန်ကောက် AIDS ညီလာခံ အတွင်း ရောဂါ ကူးစက်မှုမှာ တခြား အန္တရာယ်ရှိတဲ့ အုပ်စုတွေ ဖြစ်တဲ့ မူးယစ်ဆေး အကြောထဲ သွင်းသူများနဲ့ ပြည့်တန်ဆာများ၊ လိင်အသွင်ပြောင်းလဲထားသူများ ရွှေ့ပြောင်းလုပ်သားများ စသူတွေနဲ့ ပတ်သက်ပြီး အထူး တလည် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ