အာဖဂန်မှာ ကန်တပ်စွဲဖို့ အတည်ပြု

  • 24 နိုဝင်ဘာ 2013
afghan
Image caption ငြိမ်းချမ်းရေး အာမခံချက် ရှိဖို့ ကာဇိုင်း သတိပေး

၂ဝ၁၄ အကုန် အာဖဂန်မှာ အမေရိကန် တွေ ဆက်တပ်စွဲဖို့ လုံခြုံရေး သဘောတူ စာချုပ်ကို အာဖဂန် မျိုးနွယ်စု ခေါင်းဆောင် နှစ်ထောင် ကျော် တက်တဲ့ အစည်းအဝေး ကြီးက အတည်ပြု ပေးခဲ့ပြီး ဒီနှစ် မကုန်ခင် စာချုပ် လက်မှတ် ထိုးဖို့ အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်းကို ညီလာခံက တောင်းဆို ခဲ့ပါတယ်။

ဒီသဘော တူညီမှု အရ နောက်နှစ်ကုန်မှာ အမေရိကန် တိုက်ခိုက်ရေး တပ်တွေ ထွက်ခွာ သွားပြီ ဆိုရင် စစ် လေ့ကျင့်ရေး အရာရှိတွေ အဓိက ပါဝင်တဲ့ အမေရိကန် တပ်တွေကို အာဖဂန် မြေမှာ ဆက်ပြီး တပ်ချဖို့ သဘောတူ ခဲ့ပါတယ်။

သမ္မတ ကာဇိုင်းက သူ့အနေနဲ့ ငြိမ်းချမ်းရေး အတွက် ဒီစာချုပ်ကို ဖော်ဆောင်ချင် ပေမယ့်လည်း ငြိမ်းချမ်းရေးသာ မဖြစ်ထွန်း လာခဲ့ရင် ဒီသဘောတူညီမှုကြောင့် အာဖဂန်မှာ ဒုက္ခရောက်ဖို့ ရှိတယ်လို့ သတိပေး ပြောဆို ခဲ့ပါတယ်။

သမ္မတ ကာဇိုင်းက နောက်နှစ် ဧပြီလ သမ္မတ ရွေးကောက်ပွဲတွေ ပြီးတဲ့ အချိန်ထိ စာချုပ် လက်မှတ် ထိုးပွဲကို ဆိုင်းငံ့ ထားစေချင်တာ ဖြစ်ပါတယ်။

နောက်ပြီး အာဖဂန် အိုးအိမ် တွေကို အမေရိကန် တပ်တွေ ဝင်ပြီး စီးနင်း ရှာဖွေ တာတွေ အဆုံးသတ်ဖို့လည်း သူက တောင်းဆို ခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ် အလွန် အာဖဂန်မှာ ဆက်ပြီး တပ်စွဲ နိုင်ဖို့ အမေရိကန် ဘက်က လည်း ဒီစာချုပ်ကို အပူတပြင်း ချုပ်ဆိုချင် နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ