ကုလသမဂ္ဂ ရာသီဥတု ညီလာခံ ပြေးပြေးလွှားလွှားနဲ့ အဆုံးသတ်ခဲ့

  • 24 နိုဝင်ဘာ 2013
Image caption Warsaw မှာ ကျင်းပတဲ့ ရာသီဥတု ညီလာခံမှာ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တွေ ဆန္ဒပြ

ပိုလန် နိုင်ငံမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ရဲ့ ရာသီဥတု ညီလာခံ ဟာ နောက်ဆုံးအချိန် အပေးအယူပြု ဆွေးနွေးမှုကနေ ကမ္ဘာကြီး ပူနွေးလာမှု အပေါ် အဖြေရှာဖို့ ကိုယ်စားလှယ်တွေရဲ့ လိုက်လျောချက်တွေနဲ့ အဆုံးသတ်နိုင်ခဲ့ပြီး ဒါကို ၂ဝ၁၅ ခုနှစ်မှာ သဘောတူ လက်မှတ်ရေးထိုး ကြမှာ ဖြစ်ပါတယ်။

ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ တိုင်းပြည်တွေကြား သဘောထား ကွဲမှုတွေကြောင့် ဝါဆောမြို့မှာ ကျင်းပနေတဲ့ ညှိနှိုင်း ဆွေးနွေးပွဲကနေ တော်ရုံသင့်ရုံသာ လုပ်ဆောင်မယ့် စီမံဆောင်ရွက်မှုတွေ ချမှတ်နိုင်ခဲ့ပါတယ်။

ကမ္ဘာကြီးမှာ အပူချိန်မြင့်တက်လာနေတာကို နှစ်ဒီကရီ ဆဲလ်စီးယက်စ် အောက်အထိ လျော့ချဖို့ ရည်ရွယ်တဲ့ အချက်အလက်ပါ စာချုပ် ကို ၂ဝ၁၅ ပဲရစ်မြို့မှာ လက်မှတ်ရေးထိုး နိုင်ဖို့ အခု သူတို့ရဲ့ သဘောတူညီချက်က လမ်းကြောင်းဖွင့်ပေးသလို ဖြစ်ခဲ့ပါတယ်။

ညီလာခံ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေဟာ ဖန်လုံအိမ် ဓါတ်ငွေ့လျော့ချရေးနဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ သဘာဝ ဘေးအန္တရယ် ဆိုးတွေ ဖြစ်တဲ့ ရေကြီးတာ ၊ အပူလှိုင်း ဖြတ်တဲ့ ဒဏ်တွေကို ခံရတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကို အကူအညီ အထောက်အပံ့ ပေးရေး ဆိုတဲ့ ကိစ္စတွေ အပေါ် အငြင်းပွားမှုကို ကျော်လွှား နိုင်ခဲ့ပါတယ်။