အီရန်နျူကလီးယားသဘောတူညီချက် အိုဘားမား ကာကွယ်ပြော

  • 25 နိုဝင်ဘာ 2013
Image caption အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမား

အမေရိကန် သမ္မတ အိုဘားမားဟာ အီရန်နဲ့ အင်အားကြီး ခြောက်နိုင်ငံတို့ ဂျီနီဗာမြို့မှာ ဆွေးနွေးခဲ့တဲ့ ကြားဖြတ် သဘောတူညီချက် ကို ကာကွယ် ပြောကြားလိုက်ပါတယ်။

ဆန်ဖရန်စစ္စကိုမြို့က ရံပုံငွေရှာပွဲ တခုမှာ မိန့်ခွန်းပြောရာမှာ မစ္စတာ အိုဘားမားက တင်းမာတဲ့ ဆွေးနွေးမှု ကနေ အမေရိကန်ရဲ့ လုံခြုံရေးကို အာမခံချက် ပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကြားဖြတ် သဘောတူညီချက်နဲ့ ပတ်သက်လို့ အီရန်အပေါ် သဘောထား ပျော့ပြောင်းလွန်းတယ်လို့ တချို့ အမေရိကန်က ဥပဒေပြု အမတ်တွေက ဝေဖန် ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ တခြား အမေရိကန် မဟာမိတ်တွေကလည်း ဒီသဘောတူညီချက်အပေါ် အကြီးအကျယ် သံသယ ဖြစ်မိတယ်လို့ ထုတ်ဖော်ပြောခဲ့ကြပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမင် နက်တန် ရာဟူးကတော့ ဒီကိစ္စအပေါ် ဆွေးနွေးဖို့ အမေရိကန် အစိုးရထံကို သူ့ရဲ့ ထိပ်တန်း လုံခြုံရေး အကြံပေးကို စေလွှတ်လိုက်ပါတယ်။

အမြဲတမ်း အကျုံး၀င်မယ့် ဘယ်လို သဘောတူညီချက် စာချုပ်မျိုး မဆို ချုပ်မယ် ဆိုရင် သူ့အဆိုအရ အီရန်ဟာ သူတို့ရဲ့ နျူကလီးယား လက်နက်တွေကို ဖျက်သိမ်းပေးရမယ်လို့ မစ္စတာ နက်တန်ရာဟူးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ