ထိုင်းနိုင်ငံရေးတင်းမာမှု နောက်ဆုံးအခြေအနေ

  • 26 နိုဝင်ဘာ 2013

ဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ် ဦးဆောင်တဲ့ လက်ရှိ ထိုင်းအစိုးရဟာ အဂတိ လိုက်စားမှု ရှိနေတယ်၊ မိသားစု ကိုယ်ကျိုး ရှာနေတယ် ဆိုတဲ့ စွတ်စွဲချက်တွေနဲ့ အတိုက်အခံ ပါတီ ခေါင်းဆောင် ဝေ့ချား ချီဝါ့ ဦးဆောင်တဲ့ ဒီမိုကရက် ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ အစိုးရကို အယုံအကြည် မရှိ အဆို တင်သွင်းနေပါတယ်။

တဖက်မှာလည်း ယင့်လတ်ခ် ချင်နဝပ် ဦးဆောင်တဲ့ အစိုးရ နှုတ်ထွက်ပေးရေး နဲ့ ယင့်လတ်ခ်ရဲ့ အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်ကို ဆန့်ကျင်တဲ့ သူတွေဟာ ဘန်ကောက်မြို့က ဒီမိုကရေစီ ကျောက်တိုင် ဝန်းကျင်မှာ ဆန္ဒပြပွဲကို ပိုမိုအရှိန်မြင့် လုပ်ဆောင်လာခဲ့ကြပါတယ်။

နို၀င်ဘာ ၂၆ ရက်မှာ လမ်းမပေါ်တွေ ချီတက်ပြီး အစိုးရ ဝန်ကြီးဌာန အဆောက်အအုံ တချို့ကို သိမ်းပိုက်လိုက်ပြီး တချို့ကိုတော့ ဝိုင်းထားပါတယ်။ ထောင်ချီတဲ့ လူအုပ်ကြီးက ပြည်ထဲရေး ဝန်ကြီးဌာနကို ဝိုင်းထားပါတယ်။ စိုက်ပျိုးရေး ဝန်ကြီးဌာန၊ အားကစားနဲ့ ခရီးသွား ဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနတွေကိုလည်း သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ပိုင်းမှာ လူစု ခွဲခဲ့ကြပါတယ်။

နယ်က အစိုးရရုံးတွေကို မနက်ဖြန်မှာ ဝင်ရောက် စီးနင်းပြီး အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းသွားအောင် လုပ်ဖို့ ဆန္ဒပြ ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။ ဒါကြောင့်လည်း ဘန်ကောက်မှာရော နယ်ဘက်က အစိုးရ ရုံးတွေမှာပါ လုံခြုံရေး အင်အားတွေ ပိုမို တိုးချထားပါတယ်။

တရားရုံး ခွင့်ပြုချက် ရရှိတာကြောင့် ၁ဝ ဦး အထက် လူစုလူဝေးနဲ့ အစိုးရ အဆောက်အဦးကို ဝင်ရောက် စီးနှင်းမှုတွေနဲ့ ဆန္ဒပြ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဒီမိုကရက်ပါတီ ဒုတိယ ဥက္ကဌဟောင်း စူထေ့ပ် ထူယပ်စူဝမ်း ကို ရဲက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

နို၀င်ဘာ ၂၅ ရက်က ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဆန္ဒပြသူတွေ ဝင်ရောက်ပြီး သပိတ်စခန်း ဖွင့်ထားလိုက်ပါတယ်။

၂၅ ရက်နေ့ည ၉နာရီခွဲ အချိန်မှာ ဘန်ကောက်ခရိုင် အနီးအနားက နွန်ထဘူရီ ခရိုင်နဲ့ အနီးက မြို့နယ် ၂ ခုကို ပြည်တွင်း လုံခြုံရေး အရေးပေါ် ကြေညာချက် အမိန့်ကို ဝန်ကြီးချုပ် ယင့်လတ် ချင်နဝပ် က ထုတ်ပြန်ပါတယ်။ ဒီဥပဒေအရ လူစုလူဝေးနဲ့ ဆန္ဒပြသူတွေကို အရေးယူခွင့် ရှိသွားပြီ ဖြစ်ပါတယ်။ အစိုးရရုံးနဲ့ အများပြည်သူကို ကာကွယ်ဖို့သာ ဖြစ်တယ်။ ဆန္ဒပြသူနေသူတွေကို အင်အားသုံးပြီး လူစုခွဲမှာ မဟုတ်ဘူး။ မိမိသဘောနဲ့သာ လူစုခွဲဖို့နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ကို ဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ်က တောင်းဆိုခဲ့ပါတယ်။

အဲဒိနေ့ မနက်ပိုင်းတုန်းကဆိုရင် အစိုးရ နှုတ်ထွက်ပေးရေးနဲ့ ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့က အရေးပါတဲ့ နေရာ ၁၃ နေရာကို ချီတက် ဆန္ဒပြကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီးရုံး၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဘတ်ဂျက်ရုံး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကြည်းတပ် စစ်ဦးစီးချုပ်ရုံး၊ ဘန်ကောက် တိုင်းရဲတပ်ဖွဲ့ ရုံးချုပ် အစရှိတဲ့ အစိုးရရုံးတွေနဲ့ အစိုးရနဲ့ သက်ဆိုင်တဲ့ ရုပ်မြင်သံကြား ဌာနတွေကို ချီတက် ဆန္ဒပြကြပါတယ်။ ဒီမိုကရက်ပါတီ ဒုတိယ ဥက္ကဌဟောင်း စူထေ့ပ် ထူယပ်စူဝမ်း ဦးဆောင်တဲ့ ဆန္ဒပြသူတွေဟာ ဘဏ္ဍာရေး ဝန်ကြီးဌာန ခြံဝင်းအတွင်း ဝင်ရောက်ပြီး သပိတ်စခန်း ဖွင့်ထားလိုက်ပါတယ်။

ဗဟိုသပိတ်စခန်း ဖြစ်တဲ့ ဘန်ကောက်မြို့ ဒီမိုကရေစီ ကျောက်တိုင်မှာ အားလပ်ရက် ဖြစ်တဲ့ နို၀င်ဘာ ၂၄ တနင်္ဂနွေနေ့တုန်းက လူဦးရေ သိန်းချီပြီး စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရ ဆန့်ကျင် ဆန္ဒပြပွဲကို ဦးဆောင်နေတာကတော့ လက်ရှိ အတိုက်အခံ ပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီ ခေါင်းဆောင်ဟောင်းတွေ ဖြစ်ပါတယ်။

တဖက်မှာလည်း အစိုးရနဲ့ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်ကို ထောက်ခံတဲ့ ရှပ်နီတွေက အားကစားရုံ တခုမှာ သောင်းချီတဲ့ အင်အားနဲ့ အစိုးရကို ထောက်ခံပွဲ ပြုလုပ်နေပါတယ်။ ရွေးကောက်ပွဲက လာတဲ့ အစိုးရကို ဘယ်လိုနည်းနဲ့ပဲ ဖြုတ်ချဖြုတ်ချ ရှပ်နီတွေက လက်မခံဘူးလို့ ကြေးကြော်နေကြပါတယ်။ ဒီမိုကရက် ပါတီဟာ လွန်ခဲ့တဲ့ ၃ နှစ်က ရှပ်နီ ဆန္ဒပြသူတွေကို ပစ်သတ်ပြီး လူစုခွဲခဲ့တာကြောင့် ဘယ်လိုမှ လက်ခံလို့ မရဘူးလို့လည်း ရှပ်နီတွေက ကြွေးကြော်နေပါတယ်။

အစိုးရကို ဆန့်ကျင် ဆန္ဒပြပွဲတွေဟာ နို၀င်ဘာ ၂၇ ရက်မှာ ခရိုင် ၃ဝ ကျော်ကို ပြန့်နှံ့သွားပြီး ဖြစ်လို့ နိုင်ငံတဝက် နီးပါးက နယ်မြို့တွေကို ပြန်နှံ့သွားပြီ ဖြစ်ပါတယ်။ အများစုကတော့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပါတယ်။ဘန်ကောက်က အစိုးရ ရုံးတွေကိုလည်း ဖိအားပေး ဆန္ဒပြမှုတွေ ဆက်ရှိနေပါတယ်။

ဘန်ကောက်က ဆန္ဒပြပွဲကိုဆက်ရမယ်ဆိုရင် ဆန္ဒပြသူတွေဟာ လမ်းမတွေမှာ စီးတန်း လှည့်လှယ်ပြီး အစိုးရဝန်ကြီးဌာန ၈ ခုကို သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရဝန်ကြီးဌာနပေါင်းစုံ စုပေါင်းရုံးဝင်းထဲကို ဆန္ဒပြသူတွေဝင်ရောက်ပြီး သပိတ်စခန်း အသစ်တခုထပ်မံဖွင့်လိုက်ပါတယ်။

ဆန္ဒပြမှုတွေ ပြန်လည် ဖြစ်ပေါ်လာတာကတော့ နိုင်ငံခြားမှာ တိန်းရှောင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ် ထိုင်းနိုင်ငံကို ပြန်လာနိုင်ရေးအတွက် လွှတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို ညီမဖြစ်သူ ဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ် အစိုးရက လွှတ်တော်မှာ တင်သွင်း အတည်ပြုခဲ့တာကို ကန့်ကွက် ဆန္ဒပြရာကနေ အစိုးရ နှုတ်ထွက်ပေးဖို့ အထိ တောင်းဆိုမှုတွေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဖိအားပေး ဆန္ဒပြနေပေမယ့်လည်း ထိုင်းဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ်ကတော့ အစိုးရ နှုတ်ထွက်ဖို့ မရှိဘူး၊ လွှတ်တော်ထဲမှာပဲ ဖြေရှင်းမယ်လို့ သတင်းထောက်တွေကို အခိုင်အမာ ပြောကြားပါတယ်။

လွန်ခဲ့ ၇ နှစ် အာဏာ မသိမ်းခင်ကတည်းက ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအဖြစ် ပါတီတွေ ကြားမှာရော အများပြည်သူတွေ အကြားမှာပါ အကြီးအကျယ် စိတ်ဝမ်းကွဲနေပါတယ်။ လင်မယား ကွဲသူတွေ ရှိသလို ကိုယ်ထိလက်ရောက် အငြင်းပွားမှုတွေ အထိ ဖြစ်နေပါတယ်။

လူများစု နေထိုင်ပြီး အခြေခံ လူတန်းစား များတဲ့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေဟာ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်နဲ့ လက်ရှိ အစိုးရကို ထောက်ခံတဲ့သူတွေ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ နဲ့ ထိုင်းနိုင်ငံ တောင်ပိုင်း ဒေသကတော့ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်နဲ့ လက်ရှိအစိုးရကို ဆန်ကျင့်သူတွေ များပါတယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်ကစပြီး ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်က ရောဂါတစ်မျိုး ဘတ် ၃ဝ နဲ့ ကုသခွင့်၊ ကျေးရွာတခု ရန်ပုံငွေ ဘတ် ၁ သန်း အပါအဝင် အခြေခံ လူတန်းစားတွေရဲ့ စားဝတ်နေရေးကို အလေးထား ဆောင်ရွက်ပေးခဲ့တာကြောင့် အခြေခံ လူတန်းစားတွေရဲ့ ထောက်ခံမှု ရနေတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်ကို ဆန့်ကျင်သူတွေကတော့ တိုင်းပြည်ဘဏ္ဍာငွေကို အလွဲသုံးစား လုပ်တယ်။ တိုင်းပြည်ကို လိမ်လည်ပြီး ကိုယ်ကျိုးစီးပွား ရှာခဲ့တယ်။ ၂ဝဝ၆ ခုနှစ်က စစ်တပ်က အာဏာ သိမ်းပြီးနောက် စီစစ်မှုတွေ လုပ်ရာက ထိုင်းဘတ်ငွေ သန်းပေါင်း ၄ သောင်း ၆ ထောင်ကျော်ကို ပြည်သူပိုင် ဘဏ္ဍာငွေအဖြစ် သိမ်းပိုက်နိုင်ခဲ့တာဟာ သက်သေထင် ရှားနေတယ်။ အာဏာ အလွဲသုံးစားမှု တခုနဲ့ ထောင်ဒဏ် ၂ နှစ် အပြစ်ပေး ခံထားရတယ်။ ပြစ်ဒဏ်ကို ရင်မဆိုင်ပဲ နိုင်ငံခြားမှာ တိန်းရှောင်နေပြီး သူ့ပါတီကို ကြိုးကိုင်နေတယ်။ ညီမဖြစ်သူ ယင့်လတ်ခ် ချင်နဝပ် ဦးဆောင်တဲ့ အစိုးရကလည်း ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်ရဲ့ ရုပ်သေး ဖြစ်တယ်လို့ စွတ်စွဲ ပြောဆိုနေပါတယ်။

ဒီလို နိုင်ငံရေး တင်းမာမှုတွေ ဖြစ်နေတာ ၇ နှစ်ကျော်ခဲ့ပြီ ဖြစ်ပေမယ့် ထွက်ပေါက်ကို ရှာမတွေ့သေးပဲ ဖြစ်နေပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ကြားဖြတ်အစိုးရနဲ့ အုပ်ချုပ်ခဲ့ဘူးပေမယ့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မလုပ်နိုင်ပါခဲ့ဘူး။

ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ် ထောက်ပံ့တဲ့ ပါတီက အစိုးရဖြစ်ရင် သူ့ကို ဆန့်ကျင်သူတွေက ဆန္ဒပြတယ်။ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်ကို ဆန့်ကျင်တဲ့ ပါတီက အစိုးရဖွဲ့ရင် ထပ်စင် ချင်နဝပ်ကို ထောက်ခံတဲ့ ရှပ်နီတွေက ဆန္ဒပြပါတယ်။

လက်ရှိမှာလည်း ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ် ရဲ့ ညီမဖြစ်သူ ယင့်လတ်ခ် ချင်နဝပ် ဦးဆောင်တဲ့ အစိုးရ နှုတ်ထွက်ပြီး ရွေးကောက်ပွဲ အသစ် လုပ်မယ် ဆိုရင်လည်း သူ့ရဲ့ပါတီ ဖြစ်တဲ့ ဖုယာထိုင်း ပါတီကပဲ ထောက်ခံမဲ အများစုနဲ့ လွှတ်တော်ထဲကို ပြန်ရောက်လာ ပြီး အစိုးရ ဖွဲ့နိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံရေး တင်းမာမှု ထွက်ပေါက်မရှိပဲ ဖြစ်နေပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းမှုတွေ ရှိနေပေမယ့်လည်း ဆွေးနွေးနိုင်မယ့် အနေအထားကို အခုအချိန်အထိ မတွေ့ရသေးပါဘူး။