တရုတ် လေတပ်ကို တပ်လှန့်

  • 28 နိုဝင်ဘာ 2013
Image caption ပင်လယ်ထဲက အငြင်းပွားနေတဲ့ ကျွန်းစုတွေ

တရုတ် အစိုးရ လေကြောင်း ကာကွယ်ရေး ဇုန် ပေါ် ဂျပန်နဲ့ တောင် ကိုရီးယား စစ်လေယာဉ် တွေ ဖြတ်ကျော် ပျံသန်းတဲ့ သတင်းတွေ ထွက်လာ ပြီးနောက် တရုတ် တိုက်ခိုက်ရေး စစ်လေယာဉ်တွေ ဒီနယ်မြေ မှာ ချထား လိုက်ပြီလို့ တရုတ် ဘက်က ကြေညာ ခဲ့ပါတယ်။

လေယာဉ်တွေ ပုံမှန် အတိုင်း ကင်းလှည့် တာအပြင် လေတပ် ကိုလည်း တပ်လှန့် ထားတယ်လို့ ဆင်ဟွာ တရုတ် သတင်းဌာနက ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယား ဘက်ကတော့ တရုတ် ဘက်က တောင်းဆို သလို ဘာမှ အကြောင်းမကြားဘဲ အဲဒိ လေကြောင်း ကာကွယ်ရေး ဇုန်ကို ဖြတ်ပျံသန်း ခဲ့ကြတယ်လို့ ပြောပါတယ်။

ဂျပန်ရဲ့ အကြီးတန်း အရာရှိ တဦးက တရုတ်ဘက်က ဒီလေကြောင်း ကာကွယ်ရေး ဇုန် ပြဋ္ဌာန်းခဲ့တဲ့ နောက်မှာ ဂျပန် ဘက်က လေယာဉ် တွေဟာ အရှေ့တရုတ် ပင်လယ် ထဲမှာ လေကြောင်း ထောက်လှမ်းမှုတွေကို ပုံမှန် အတိုင်း လုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။ သူက တရုတ်အတွက် ထည့် စဉ်းစားပြီး ဒီအစီအမံတွေကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ လဲ ဆိုပါတယ်။

အဲဒီလိုပဲ တောင်ကိုရီးယား ဘက်ကလည်း ပျံသန်းမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပိုင်နက် အငြင်းပွား

အဲဒီ လေကြောင်း ကာကွယ်ရေး ဇုန်ထဲမှာ တရုတ် ၊ ဂျပန် နဲ့ တိုင်ဝမ်တို့ အကြား ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြတဲ့ တရုတ်က ဒိုင်ယိုရူ ဂျပန်က ဆန်ကာကူလို့ ခေါ်တဲ့ ကျွန်းစုတွေပါ ပါနေပါတယ်။ အဲဒီ ကျွန်းတွေအပြင် တောင်ကိုရီးယား ရဲ့ ပိုင်နက် အဖြစ်သတ်မှတ်ထားတဲ့ နယ်မြေ တွေလည်း ပါနေပါတယ်။

အဲဒီလို တရုတ်ရဲ့ လေကြောင်းကာကွယ်ရေး ဇုန် သတ်မှတ် မှုကို နိုင်ငံတော်တော်များများက ဝေဖန် ပြစ်တင် ခဲ့ကြပါတယ်။

ဒါဟာ ဒေသတွင်း အင်အား ချိန်ခွင်လျှာကို အတင်းပြောင်းဖို့ လုပ်နေတာဆိုပြီး ပြောကြပါတယ်။

တရုတ်ဘက်ကတော့ သူတို့ မှာ ဒီလို ပြဌာန်း သတ်မှတ်ခွင့် ရှိတယ်လို့ အကြောင်းပြပါတယ်။ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောခွင့်ရသူက ဒါဟာ မပျံသန်းရဇုန် လည်းမဟုတ်သလို လေပိုင်နက် ကြေညာတာမျိုးလည်း မဟုတ်ကြောင်းနဲ့ အမျိုးသား လုံခြုံရေး စနစ် အတွက် ကြိုတင် သတိပေး ပြင်ဆင်ချိန် ရအောင် တရုတ် နယ်နမိတ် အပြင်ဘက်မှာ အခုလို သတ်မှတ် တာဆိုပြီး ပြောပါတယ်။

ပြီးတော့ ဒါဟာ နိုင်ငံတကာ ဥပေဒ တွေနဲ့ အညီ လုပ်ဆောင်တာလို့လည်း ပြောပါတယ်။

ကန်စိုးရိမ်

ဒါပေမယ့် ဒီလို တရုတ်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့တော့ စိုးရိမ်ပူပန် မိတဲ့ အကြောင်းအ မေရိကန်က ပြောပါတယ်။လာမယ့် အမေရိကန်ဒုသမ္မတ ဂျိုးဘိုင်ဒန်က ခုလို အချိန်မှာ တရုတ်ဘက်က ဒီလို လုပ်လာတာကို စိုးရိမ်မိတဲ့ အကြောင်း ပြောထားတယ်လို့ ဆိုပါတယ်။

သူကိုယ်တိုင်လည်း နောက်သတင်းပတ်ထဲမှာ အာရှ ခရီးစဉ်အဖြစ် အဲဒီ ဒေသကို ရောက်လာဖို့ ရှိနေပါတယ်။

တခါ ဖိလစ်ပိုင်က လည်း ဒါနဲ့ ပတ်သက်လို့ တရုတ်က ဒီဒေသကို သူတို့ လေပိုင်နက်လို လုပ်ချင်နေတာ ဖြစ်တယ်၊ အဲဒီ ဒေသအတွင်း သွားလာ ပျံသန်းနေတဲ့ လေကြောင်း ခရီးသည်တွေအတွက်လည်း အန္တရာယ် ရှိသလို အဲဒီ ဒေသတွင်းက နိုင်ငံတွေ လုံခြုံရေး အတွက်လည်း ပြဿနာ ရှိတယ်လို့ ဆိုပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်လိုပဲ ဗီယက်နမ် ၊ မလေးရှား၊ ဘရူနိုင်း နဲ့ ထိုင်ဝမ် တို့ကပါလည်း အဲဒီ တောင်တရုတ်ပင်လယ်ထဲမှာ ပိုင်ဆိုင်မှုတွေ အတွက် အငြင်းအခုန် ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဒီလို တင်းမာမှုတွေ မြင့်တက်လာလို့ ဒေသတွင်း စစ်မက် ဖြစ်ပွားမှာကို ပူပန်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ