ထိုင်းအစိုးရ ဖြုတ်ချရေး ဆန္ဒပြပွဲတွေ ဆက်

  • 29 နိုဝင်ဘာ 2013

ထိုင်းအစိုးရ နှုတ်ထွက်ရေး တောင်းဆိုပြီး ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်ကို ဆန့်ကျင်သူတွေ ဘန်ကောက်မြို့ ကြည်းတပ် ဦးစီးချုပ်ရုံးကို ဝင်ရောက်ပြီး ဆန္ဒပြဖို့ ကြိုးစားမှုတွေ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အာဏာသိမ်းပွဲတိုင်းမှာ ကြည်တပ် ဦးစီးချုပ်တွေကသာ ဦးဆောင်ခဲ့တာ ဖြစ်လို့ အခုလည်း စစ်တပ်က အာဏာသိမ်းဖို့ တွန်းအားပေးတဲ့ အနေနဲ့ ဆန္ဒသွားပြတာလို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ဆန္ဒပြ ခေါင်းဆောင်တွေကတော့ စစ်တပ်က အကြမ်းဖမ်းမှုကို ပါဝင် မလုပ်ဖို့နဲ့ အစိုးရကို ကျောထောက်နောက်ခံ မလုပ်ပေးဖို့ သွားရောက်ဖိအားပေးတာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းစစ်တပ်ကို သွားရောက် ဆန္ဒပြတာနဲ့ပတ်သက်ပြီး ကျူလာလောင်ကောင်း တက္ကသိုလ် နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာဌာနက ပါမောက္ခပနိထန်း ဝပ်ထနားကောန်း က အခု နိုင်ငံရေး တင်းမာမှုမှာ စစ်တပ်က တစုံတရာ ဝင်ပြောတာ မရှိဘူး၊ ကြားနေတဲ့ သဘောတော့ ရှိတယ်လို့ ပြောနိုင်တယ်။ ဒါပေမယ့်လည်း အစိုးရဝန်ထမ်း ဖြစ်တဲ့အတွက် အစိုးရကို ကျောထောက်နောက်ခံ ပေးရမယ့် သဘောတော့ ရှိတယ် လို့ ပြောသွားပါတယ်။

သူက ဆက်လက်ပြီး "ဆန္ဒပြသူတွေ ဘက်က ရပ်တည်ပေးဖို့ ဆန္ဒပြသူတွေက ကြိုးစားတဲ့ သဘောရှိတယ်။ လက်ရှိ အနေအထားအရ ပြောရရင် ပြည်သူ အများစုဟာ အာဏာသိမ်းတာကို လက်မခံသလို အကြမ်းဖက် နှိမ်နှင်းတာကိုလည်း လက်မခံတော့ဘူး။ ဆွေးနွေး အဖြေရှာဖို့ပဲ တိုက်တွန်းနေတယ်။ ဆွေးနွေးနိုင်မယ့် အနေအထားတော့ လောလောဆယ် မတွေ့သေးဘူး" လို့ ဆက်ပြောပါတယ်။

ထိုင်းစီးပွားရေး နှစ်ဆန်းပိုင်းက စပြီး တိုးတက်သင့်သလောက် မတိုးတက်တဲ့ကြား အခု နိုင်ငံရေး တင်းမာမှုမှာ စီးပွားရေး ရိုက်ခတ်မှုတွေ ဖြစ်လာနေပြီ လို့ ပြည်တွင်း ခရီးသွား လုပ်ငန်းရှင် မိုင်းယရတ် ဖီးရာ့ယား ကိုးစေ့စ် က ထောက်ပြပါတယ်။

ဆန္ဒပြပွဲက ဘန်ကောက်ရော နယ်မြို့တွေမှာပါ ဖြစ်နေတော့ ခရီးသွားလုပ်ငန်းကို ထိခိုက်နေပြီး ကမ္ဘာလှည့် ခရီးသည် ၃ဝ ရာခိုင်နှုန်းကျော် ခရီးစဉ်ဖျက်လိုက်ပြီး ဖြစ်ပါတယ်။ နောက်ထပ် ခရီးသည်တွေကလည်း အခြေအနေကို စောင့်ကြည့်နေကြဆဲပါ။ ခရီးသွား လုပ်ငန်းနဲ့ အတူ ဟိုတယ်၊ သယ်ယူ ပို့ဆောင်ရေးနဲ့ စားသောက်ဆိုင်တွေလည်း ရိုက်ခတ်လာပြီ သူက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေ ဆန္ဒပြပွဲမှာ ဝင်မပါဖို့နဲ့ လုံခြုံရေး သတိရှိဖို့ကို ဘန်ကောက် မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက သတိပေး ပြောကြားပါတယ်။ ဆန္ဒပြပွဲက ရက်ကြာလာတဲ့အတွက် စီးပွားရေး ရိုက်ခတ်မှုတွေ ရှိလာသလို မြန်မာလုပ်ငန်းရှင်တွေနဲ့ မြန်မာနိုင်ငံသားတွေကြားတွေ အပါအ၀င် မြန်မာအသိုင်းအဝိုင်း ကြားမှာလည်း စိုးရိမ်မှုတွေ ရှိလာပြီလို့ သိရပါတယ်။

ဝန်ကြီးချုပ်ယင့်လတ်ခ် ချင်နဝပ်အနေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပေမယ့် ဆန္ဒပြသူတွေရော အတိုက်အခံ ပါတီကပါ လက်ရှိ အစိုးရနဲ့ ဆွေးနွေးစရာ မရှိဘူးလို့ ပြောဆိုနေတုန်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ