ထိုင်းဆန္ဒပြပွဲတွေ ထိန်းဖို့ စစ်တပ်ကို အကူခေါ်ပြီ

  • 1 ဒီဇင်ဘာ 2013
Image caption အစိုးရ ထောက်ခံသူတွေပါတဲ့ ဘတ်စကား ပြုတင်းပေါက် တွေကို အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေက တိုက်ခိုက်

ထိုင်းနိုင်ငံ မှာ အတိုက်အခံတွေက ဆော်သြထားတဲ့ ဒီကနေ့ ကျင်းပမယ့် လူထုအုံကြွမှု မတိုင်ခင် ဘန်ကောက်မြို့က အဓိက နေရာတွေကို ကာကွယ် စောင့်ရှောက် နေရတဲ့ ရဲတွေကို လာရောက် အကူအညီပေးဖို့ စစ်သားတွေကို ပန်ကြားထားပါတယ်။

၀န်ကြီးချုပ် ယဉ်လပ် ရှင်နာ၀ပ် ရာထူးက ဆင်းပေးအောင် ကြိုးပမ်းချက် တရပ် အနေနဲ့ ဒီနေ့ တနင်္ဂနွေနေ့မှာ အစိုးရ ဌာနချုပ်တွေ အပါအ၀င် ရုံးအဆောက်အဦတွေမှာ အင်နဲ့အားနဲ့ ၀င်ရောက် နေရာယူဖို့ ပြင်ဆင် နေတယ်လို့ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။

၀န်ကြီးချုပ်က လုံခြုံရေး အတွက် ရဲတွေကို ကူဖို့ စစ်တပ်လိုမယ်လို့ မထင်ဘူးလို့ အရင်က ပြောခဲ့တာ ဖြစ်ပါတယ်။

မနေ့က စနေနေ့တုန်းက ဆန္ဒပြပွဲတွေမှာ အစိုးကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး အကြမ်းဖက် ရုန်းရင်းဆန်ခတ် ဖြစ်မှုတွေကြောင့် အနည်းဆုံး လူတယောက် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။