ဖွဲ့စည်းပုံ ပြင်ရေး လက်မှတ်ထိုး တောင်းဆို လှုပ်ရှား

Image caption သြစတြေးလျရောက် ဒေါ်အောင်ဆန်းစုကြည်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံတဲ့ Signature Campaign လက်မှတ်ရေးထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို သြစတြေးလျှနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက စတင်လုပ်ဆောင်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျှ ခရီးစဉ် မပြီးဆုံးခင်လေးမှာ အခုလို လှုပ်ရှားမှု စတင်လိုက်တာ ဖြစ်ပြီး ဒီဇင်ဘာလ ၃၁ ရက်နေထိ လုပ်သွားမယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ လက်မှတ်ရေးထိုး လှုပ်ရှားမှုရဲ့ ပြောခွင့်ရ သြစတြေးလျှရောက် ဒေါက်တာမြင့်ချို က ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ အရေး လှုပ်ရှားမှုတွေက မြန်မာပြည်မှာ အခုမှ အစသာ ရှိသေးကြောင်း ၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးက မြန်မာ့ ဒီမိုကရေစီ အရေးမှာ အဓိက ကျလှပြီး သြစတြေးလျရောက် မြန်မာတွေ အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ပါ၀င်ကူညီပေးဖို့ ပန်ကြားခဲ့တာကြောင့် အခုလို လုပ်ဆောင်ရတာလို့ ဆိုပါတယ်။

လက်မှတ်ထိုး တောင်းဆို လှုပ်ရှားမှုကို မနေ့က စခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့အထိ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

သြစတြေးလျရောက် မြန်မာတွေ ၊ သြစတြေးလျ နိုင်ငံသား ခံယူထားတဲ့ မြန်မာတွေနဲ့ သြစတြေးလျ နိုင်ငံသား တွေဆီကနေ စာနဲ့ကော အွန်လိုင်းကပါ ရယူမှာ ဖြစ်ပြီး ဆစ်ဒနီ ၊ မဲလ်ဘန်း နဲ့ ဘရစ်ဘိန်း စတဲ့ မြို့ကြီးတွေမှာ အုပ်စုတွေ ခွဲပြီး ကောက်ခံသွားမယ်လို့ သူက ဆိုပါတယ်။

ဒါတွေ တနေရာမှာ စုပြီး သြစတြေးလျ အစိုးရဆီ တင်ပြမယ် အဲဒီက တဆင့် အစိုးရချင်း သံတမန်နည်း အရ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

အခုလို လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ တစုံတရာ အတိုင်းအတာ အထိ ထိရောက်လိမ့်မယ်လို့ ထင်ပြီး အလေးထား ဆောင်ရွက်ပေးဖို့ သြစတြေးလျ အစိုးရကို တိုက်တွန်း တောင်းဆိုသွားမယ်လို့ သူက ပြောပါတယ်။

အဲဒီနောက် ပြည်သူ့လွှတ်တော်မှာ တင်ပြလာတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ ရဲ့ အစီရင်ခံစာကို စောင့်ကြည့်ပြီး လိုအပ်တာ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဒေါက်တာ မြင့်ချိုက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ