ယူကရိန်းမှာ အစိုးရနဲ့ အတိုက်အခံ တွေ့ဆုံ ဆွေးနွေးလိမ့်မယ်

  • 2 ဒီဇင်ဘာ 2013
Image caption ဆန္ဒပြသူတွေကို ရဲက နှိမ်နင်းနေပုံ

ယူကရိန်း နိုင်ငံမှာ ဆန္ဒပြမှုတွေ ရက်အတန်ကြာ ဖြစ်ခဲ့ပြီးတဲ့နောက် ပါလီမန် ဥက္ကဌ Vlodymyr Rybak က အစိုးရနဲ့ အတိုက်အခံ ဒီကနေ့ တနလာနေ့မှာ စပြီး တွေ့ဆုံ ဆွေးနွေးလိမ့်မယ်လို့ ပြောပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံး သူတို့ အမြင်ကို ထုတ်ဖော် ဆွေးနွေးနိုင်ပါတယ်လို့ မစ္စတာ ရီဘတ်ခ်က ကတိပေးပြောကြားခဲ့ပါတယ်။

ဥရောပ သမဂ္ဂနဲ့ ကုန်သွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ထိုးဖို့ သမ္မတ ဗစ်တာ ယာနူကိုဗစ်ချ်က ငြင်းပယ်ခဲ့တဲ့ အတွက် လူတွေက ဆန့်ကျင် ဆန္ဒပြခဲ့ရာမှာ မနေ့က တနင်္ဂနွေနေ့တုန်းက ဆန္ဒပြတွေက အကြီးဆုံး ဖြစ်ပြီး ကီးယက်မြို့က မြို့တော်ခန်းမကို ဆန္ဒပြသမားတွေ စီးနင်းခဲ့ပါတယ်။

ဒါ့အပြင် အနီးက သမ္မတရုံး အဆောက်အဦ နားမှာလည်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ပြီး မျက်နှာဖုံးစွပ်ထားတဲ့ ဆန္ဒပြသမားတွေက မီးတံတွေနဲ့ ပစ်ခတ်ကာ ရဲ အကာအရံ တွေကို ဖြိုခွင်းဖို့ ကြိုးစားခဲ့ပါတယ်။

အဓိကရုန်း နှိမ်နင်းရေး ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေ မူးမေ့စေတဲ့ လက်နက်ခဲယမ်းတွေနဲ့ ပစ်ခတ် နှိမ်နင်းခဲ့ကြောင်း သိရပါတယ်။

အဲဒီ ရုန်းရင်းဆန်ခတ်မှုတွေ အတွင်း ရုပ်မြင်သံကြား ရိုက်ကူးရေးသမား တယောက်လည်း တိုက်ခိုက် ခံခဲ့ရပါတယ်။

ဆန္ဒပြမှုတွေကို စည်းရုံးစီစဉ်သူတွေထဲက တယောက် ဖြစ်တဲ့ Vitaly Klitschko ကတော့ အခုလို ရုန်းရင်းဆန်ခတ် ဖြစ်အောင် သွေးထိုး လှုံဆော်မှုတွေ ရှိခဲ့တယ်လို့ ဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ တိုက်တွန်းထားပါတယ်။