စေ့စပ်ဆွေးနွေးဖို့ မစ်ယင့်လတ် လမ်းဖွင့်ထား

  • 2 ဒီဇင်ဘာ 2013
Image caption အစိုးရ နုတ်ထွက်ဖို့ ကိစ္စ ကတော့ အခြေခံ ဥပဒေနဲ့ မကိုက်ညီ ဘူးလို့ ပြော

ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်က သူ့ကို ရာထူးက ဆင်းပေးဖို့ တောင်းဆို ချက်ကို ထပ်မံ ပယ်ချ လိုက်ပြီး၊ စေ့စပ် ဆွေးနွေးဖို့ အတွက် လမ်းဖွင့်ထား တယ် လို့ ပြောကြား လိုက်ပါ တယ်။

မစ်ယင့်လတ် ဟာ ဆန္ဒပြ ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပေမယ့် ရွေးကောက် တင်မြောက်ခံ သူ့ အစိုးရ နုတ်ထွက်ဖို့ ကိစ္စ ကတော့ အခြေခံ ဥပဒေနဲ့ မကိုက်ညီ ဘူးလို့ ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ် ကို ဆန့်ကျင်တဲ့ အစိုးရ နုတ်ထွက် ပေးရေးနဲ့ တောင်းဆို ဆန္ဒပြ သူတွေဟာ ဘန်ကောက် တိုင်းရဲချုပ်ရုံး သိမ်းပိုက်ဖို့ အတွက် ကြိုးစား တာကြောင့် ရဲနဲ့ ထိပ်တိုက် တွေ့ပြီး ရဲကနေ ရာဘာ ကျည်ဆံ သုံးရတဲ့ အထိ ဖြစ်ခဲ့ရ ပါတယ်။

ဝန်ကြီးချုပ် ရုံးနဲ့ ဘန်ကောက် တိုင်းရဲရုံး အရှေ့မှာ သွပ်ဆူး ကြိုးတွေ ကွန်ကရစ် တုံးတွေနဲ့ အဆင့်ဆင့် ကာထားကာ အတွင်းပိုင်းမှာ ရာချီတဲ့ ရဲတွေက ဒိုင်းတွေ ကာပြီး ကာကွယ်ထား ပါတယ်။

ဆန္ဒပြသူတွေက သွပ်ဆူးကြိုး တွေကို သဲအိပ်တွေနဲ့ ဖိချပြီး ဝင်ဖို့ကြိုးစားကြပါတယ်။ ကွန်ကရစ် တုံးကြီးတွေကို မ ထုတ်ဖို့ အတွက် ဘက်ခိုး မြေတူး ကားကြီး မောင်းလာ ပြီး ဆွဲထုတ် တာပါ။ အဲ့ဒီ အချိန်မှာ ရဲက မျက်ရည်ယို ဗုံးနဲ့ ပစ်လိုက်၊ မျက်ရည်ယို ဓါတ်ငွေ့ ရောစပ် ထားတဲ့ မီးသတ်ပိုက် ရေနဲ့ ထိုးပက်လိုက်နဲ့ နောက်ဆုံး မှာ ရာဘာ ကျည်နဲ့ ပစ်ခတ်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ဒဏ်ရာ ရသူတွေကို ကယ်ဆယ်မှု အခြေအနေ

Image caption ဆေးရုံက ထုတ်ပြန်ချက် အရ ကျည်ဆံ အစစ်နဲ့ ဒဏ်ရာ ရသူ ၂ ဦး ရှိ

တနေ့လုံး လိုလိုပဲ ဆန္ဒပြ သူတွေက ရှေ့တိုးလိုက် ရဲက ပစ်လိုက်နဲ့ ဖြစ်နေခဲ့ ပါတယ်။ ထိခိုက် ဒဏ်ရာ ရသူတွေကို ကယ်ဆယ် ရာမှာ ပုံမှန် ကျန်းမာရေး ဝန်ထမ်း တွေ အပြင် စစ်တပ်က ဆေး တပ်ဖွဲ့ဝင် ၃ဝ ကလည်း ဒီနေ့မှာ လာရောက် ကူညီ ဆောင်ရွက် ပေးခဲ့ ပါတယ်။

ဒဏ်ရာရ သူတွေကို ဆေးရုံး အသီးသီးကို ပေးပို့ တာကြောင့် ဒဏ်ရာရသူ ဘယ်နှစ်ယောက် ရှိမလဲ ဆိုတာ အတိ အကျ မပြောနိုင်သေးဘူး။ ရာမာအထိဘောဒီ ဆေးရုံက ထုတ်ပြန်ချက် အရ ကျည်ဆံ အစစ်နဲ့ ဒဏ်ရာ ရသူ ၂ ဦး ရှိပြီး ရာဘာ ကျည်ဆံနဲ့ ထိမှန်သူ တစ်ဦး ရှိတယ်လို့ ထုတ်ဖေါ် ပြောကြားထား ပါတယ်။

မိုးချုပ် လာချိန်မှာတော့ ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ရုံးနဲ့ ဘန်ကောက် တိုင်းရဲရုံး တွေကနေ ဆုတ်ခွာပြီး အနီးနားက သပိတ် စခန်းတွေကို ပြန်သွားကြတယ်။

ဖမ်းဝရမ်းထုတ်ပြီ

Image caption ဆန္ဒပြ ခေါင်းဆောင် စူထေ့ပ်ကိုတော့ အစိုးရက နိုင်ငံတော် ပုံကန်မှုနဲ့ ဖမ်းဝရမ်း ထုတ်

ညနေပိုင်းမှာတော့ တစ်ထောင် လောက်ရှိတဲ့ လူတစ်စုက မြို့လယ်ခေါင်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ရုံးချုပ် အရှေ့ကို လာရောက် ဆန္ဒပြနေကြပြန်ပါတယ်။

ဆန္ဒပြ ခေါင်းဆောင် စူထေ့ပ်ကိုတော့ အစိုးရက နိုင်ငံတော် ပုံကန်မှုနဲ့ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ နောက်ထပ် ခေါင်းဆောင် ၄ ဦးကိုလည်း ဖမ်းဝရမ်း ထုတ်လိုက် ပါတယ်။

ဘန်ကောက်မြို့ ဆန္ဒပြ နေတဲ့ နေရာတွေမှာ စိုးရိမ် စရာရှိသလို တခြား နေရာက သူတွေက စိုးရိမ်မှု ရှိပေမယ့် တမြို့လုံး မှာတော့ ပုံမှန် သွားလာ ရောင်းဝယ် နေကြ ပါတယ်။ ထိုင်းတောင်ပိုင်းက ခရိုင် အုပ်ချုပ်ရေးမှူး ရုံးတွေမှာလည်း ဆန္ဒပြမှုတွေ ရှိပေမယ့် အကြမ်းဖက်မှုတွေ တော့ မရှိဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ