ယူကရိန်း ဖြိုခွင်းပုံကို နေတိုးက ဝေဖန်

  • 4 ဒီဇင်ဘာ 2013
_ukraine_
Image caption ယူကရိန်းက ဆန္ဒပြ နေကြသူများ

ယူကရိန်း နိုင်ငံမှာ ဆန္ဒပြ သူတွေကို လုံခြုံရေး တွေဘက်က အင်အားသုံး ဖြိုခွင်း ခဲ့တာနဲ့ ပတ်သက်လို့ နေတိုး အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေက ပြစ်တင်လိုက်ကြပါတယ်။

ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့မှာ ပြုလုပ်ခဲ့တဲ့ နေတိုး အဖွဲ့ အစည်းအဝေး အပြီးမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကလည်း ယူကရိန်း အနေနဲ့ ပြည်သူတွေရဲ့ အသံကို နားထောင်ပေးဖို့ တိုက်တွန်း လိုက်ပါတယ်။ ဆက်လက်ပြီး နှစ်ဘက်စလုံးကို ငြိမ်းချမ်းစွာ ဆောင်ရွက်ကြဖို့နဲ့ အကြမ်းနည်းသုံးပြီး ဖြေရှင်းတာမျိုး ဥရောပ နိုင်ငံ တခုအနေနဲ့ မရှိသင့်ဘူးလို့လည်း မစ္စတာ ကယ်ရီက ပြောပါတယ်။

နေတိုး နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ကြေညာချက် ထဲမှာလည်း လွတ်လပ်စွာ စုဝေးခွင့်နဲ့ ဆန္ဒ ထုတ်ဖော်ခွင့်တွေကို အလေးထားဖို့နဲ့ နှစ်ဘက်စလုံး ပြုပြင် ပြောင်းလဲရေး အတွက် ဆွေးနွေးကြဖို့ကို တိုက်တွန်း ထားပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် အတွင်းက ဥရောပ သမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်မယ့် သဘောတူ ညီချက်ကို ယူကရိန်းအစိုးရ ဘက်က လက်မှတ်မထိုးဖို့ ဆုံးဖြတ်ခဲ့တဲ့နောက်မှာ အခုလို ဆန္ဒပြ ပွဲတွေ ဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကိယက်ဗ်မြို့တော်က လွတ်လပ်ရေး ရင်ပြင်မှာ ရှိတဲ့ သပိတ်စခန်းကို လုံခြုံရေးတွေက အကြမ်းနည်းနဲ့ ဝင်ရှင်း ခဲ့ကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ အင်္ဂါနေ့မှာပဲ ဝန်ကြီးချုပ် မီခိုလာ အာဇာရော့ဗ်က အဲဒီနေ့က အဖြစ်အပျက်တွေမှာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်လို့ တောင်းပန်ကြောင်းနဲ့ အဲဒီအတွက် သမ္မတရော၊ အစိုးရ တဖွဲ့လုံးကပါ ဝမ်းနည်းတဲ့ အကြောင်း ပါလီမန်မှာ တောင်းပန် ပြောကြား ခဲ့ပါတယ်။

အဲဒီနေ့မှာပဲ အတိုက်အခံ တွေဘက်က တင်သွင်းတဲ့ အစိုးရအပေါ် အယုံအကြည်မရှိ အဆို ကို ပါလီမန်မှာ မဲခွဲ ဆုံးဖြတ်ရာမှာတော့ ရှုံးနိမ့် သွားခဲ့ပါတယ်။

အဲဒီနေ့ အနှောင်းပိုင်းမှာတော့ မစ္စတာ အာဇာရော့ဗ်က အစိုးရဘက်က အတိုက်အခံ တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ဒါပေမဲ့ အတိုက်အခံ ဆန္ဒပြ သူတွေ ဘက်ကတော့ အစိုးရ အဆောက်အအုံ တွေကို ပိတ်ဆို့ သိမ်းပိုက်ပြီး အစိုးရ လုပ်ငန်းတွေ မလည်ပတ်နိုင်အောင် လုပ်နေတာတွေ ကိုတော့ ရပ်ဖို့ လိုတဲ့ အကြောင်း ပြောခဲ့ပါတယ်။

ဆန္ဒပြ သူတွေက အစိုးရ ရုံးတွေကို စီးထား ကြတာကြောင့် အစိုးရ ဝန်ထမ်းတွေ အလုပ်မဆင်းနိုင်ဖြစ်နေကြတာပါ။ ဆန္ဒပြသူတွေ ဘက်ကတော့ ယူကရိန်း သမ္မတ မစ္စတာ ဗစ်တာ ယာနူကိုဗစ်(ချ)နဲ့ ဝန်ကြီးချုပ် မစ္စတာ အာဇာရော့ဗ်တို့ကို တာဝန်ကနေ နုတ်ထွက်ပေး ဖို့အတွက် တောင်းဆို နေကြပြီး အထွေထွေ သပိတ်ကြီး မှောက်ဖို့လည်း ဆော်ဩနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ