ကင်ဂျုံအွန်းရဲ့ ဦးလေး ရာထူးက ဖယ်ရှားခံရ

  • 3 ဒီဇင်ဘာ 2013
Image caption သူ့ကို Kim Jong-un နံဘေးမှာ တွေ့ရလေ့ ရှိတာမို့ Kim Jong-un ကို ကြိုးကိုင် နေသူ လို့တောင် ယူဆ

မြောက်ကိုရီးယား နိုင်ငံက အာဏာ အရှိဆုံး နိုင်ငံရေး သမား တဦးလည်းဖြစ် လက်ရှိ နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ဦးလေးတော်သူ ဂျန်ဆွန်ထက် ကို လက်ရှိ ရာထူးဖြစ်တဲ့ အမျိုးသား ကာကွယ်ရေး ကော်မရှင် ဒုဥက္ကဌ နေရာ ကနေ ဖယ်ရှား လိုက်ပြီ ဖြစ်တယ်လို့၊ တောင်ကိုရီးယား က လာတဲ့ သတင်းတွေက ဆိုပါတယ်။

ရာထူးက ဖယ်ရှား ခံလိုက် ရတယ် ဆိုတဲ့ မစ္စတာ ဂျန်ဟာ ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင် ဟောင်း Kim Jong-il ရဲ့ နှမနဲ့ လက်ထပ် ခဲ့သူမို့ လက်ရှိ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-un ရဲ့ ဦးလေး တော်နေပါတယ်။ သူ့ကို Kim Jong-un နံဘေးမှာ တွေ့ရလေ့ ရှိတာမို့ Kim Jong-un ကို နောက်က ကြိုးကိုင် နေသူ လို့တောင် တချို့က ယူဆ ကြပါတယ်။

သူ့ကို စီးပွားရေး ပြုပြင်ရေး သမားလို့ ရှုမြင်ကြပြီး မြောက် ကိုရီးယားရဲ့ အင်အားကြီး မဟာမိတ် တရုတ်ပြည်နဲ့ စပ်ဆိုင်တဲ့ ဆွေးနွေးပွဲ တွေကို သူက ကိုင်တွယ် လေ့ ရှိပါတယ်။ ၁၉၇ဝ ကျော်ထဲက မြောက်ကိုရီးယား အာဏာရ ကိုရီးယား အလုပ်သမား ပါတီရဲ့ အာဏာ လှေကားထစ် တွေကို တက်လာ ခဲ့တဲ့ မစ္စတာ ဂျန်ဟာ ပါတီ ဗဟို ကော်မတီဝင် ဖြစ်လာချိန်မှာ သူ့ကို ဖယ်ရှားဖို့ ကြိုးစားမှုတွေနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။

၂ဝဝ၄ ခုနှစ်တုန်း ကလည်း တခါ လူမြင်ကွင်းက သူပျောက် နေခဲ့တာမို့ အကျယ်ချုပ် ကျနေပြီလို့ တောင်ကိုရီးယား ထောက် လှမ်းရေး ဘက်က ရေးသား ခဲ့ပါ တယ်။ ဒါပေမဲ့လည်း ၂ဝ၁၁ ခုနှစ်မှာ မြောက်ကိုရီးယား ခေါင်းဆောင်သစ် တူတော်မောင် Kim Jong-un အောက်မှာ ထိပ်တန်း စစ်ဘက် ရာထူးတွေ ရလာခဲ့ ပါတယ်။

ခုလို Jang Song-Thaek ဖယ်ရှားခံရတယ် ဆိုတဲ့ သတင်းတွေ တောင်ကိုရီးယား ထောက်လှမ်းရေး ဘက်က ထွက်ပေါ်လာလို့ အပြည့်အဝ မယုံကြည် နိုင်သေး ပေမယ့်လည်း တကယ် ဖြစ်ခဲ့ ရင်တော့ ထူးခြားတယ်လို့ မြောက်ကိုရီးယား လွတ်မြောက်ရေး အန်ဂျီအို အဖွဲ့က ဒါရိုက်တာ Sokeel Park က ပြောပါတယ်။

တချို့ နေရာတွေကို သီးသန့်ထားပြီး မြောက်ကိုရီးယား စီးပွားရေး ပြုပြင်မှုတွေ စမ်းသပ်ဖို့ အဓိက တွန်းအား ပေးသူလို့ သူ့ကို ယူဆခဲ့ကြပါတယ်။ ဒါသာ အဟုတ် ဆိုရင်တော့ ကင်ဂျုန်အွန်း ခေတ်မှာ အကြီးဆုံး အာဏာ အရွှေ့ အပြောင်းလို့ ပြောလို့ ရမှာပါ။

သူ့ အနီးကပ် ၂ ယောက်ကိုလည်း ခြစားမှုနဲ့ သေဒဏ်ပေးတယ်လို့ သတင်းတွေက ဆိုပါတယ်။ ကျန်းမာရေး ကြောင့် အနားယူ တာလား၊ နိုင်ငံရေး သစ္စာ ဖောက် မှုတွေ ရှိနေ တာလား ကွဲကွဲ သဲသဲ သိရဖို့က ခက်နေပြီး မြောက်ကိုရီးယား မှာ တကယ် တမ်း အဖြစ် မှန်ကို သိရဖို့က အကြာကြီး စောင့်ရတတ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ