ထိုင်းနိုင်ငံရေးအပေါ် ပါမောက္ခတစ်ဦးအမြင်

  • 3 ဒီဇင်ဘာ 2013
ဘန်ကောက်မှာ အစိုးရဆန့်ကျင် ဆန္ဒပြ
Image caption မျက်ရည်ယိုဗုံးတွေကြားက ဆက်လက်ဆန္ဒပြနေကြ

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ အစိုးရဆန့်ကျင် ဆန္ဒပြမှု တွေကြောင့် လတ်တလော နိုင်ငံရေး တင်းမာ မှုတွေနဲ့ ပတ်သက်ပြီး ယူကေနိုင်ငံ Leeds တက္ကသိုလ်က အရှေ့တောင် အာရှ နိုင်ငံရေး ပါမောက္ခ နဲ့ ထိုင်းအရေး ကျွမ်းကျင်သူ Duncan McCargo ကို ဆက်သွယ် မေးမြန်း ထားပါတယ်။

မေး။ လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင့်လတ် အနေနဲ့ လောလောဆယ် တင်းမာမှုတွေမှာ နှစ်ဘက် ပြည်သူတွေကို ဘယ်လို ချွေးသိပ် ကြေအေးအောင် စေ့စပ်လိုက်လျောနိုင်မယ်လို့ ယူဆပါသလဲ။

ဖြေ။ ထိုင်းမှာ မြို့နဲ့ ကျေးလက် လူမှုရေး နိုင်ငံရေး ကွဲပြားမှုကြီးက တက်ဆင် မောင်နှမကို ဆန့်ကျင်ရုံသာ မကတော့ပါဘူး။ ကျေးလက်နဲ့ မြို့ပြ လူနေမှု ကွာဟမှုတွေ ပါလာပါပြီ။ အရင်က ကျေးလက်မှာ ဝင်ငွေ နည်းနည်းနဲ့ ရောင့်ရဲ နေခဲ့သူတွေက သက်ဆင် အစိုးရ ခေတ်မှာ မြို့ပြ အိပ်မက်တွေ မက်စ ပြုလာပြီ ဖြစ်လို့ ဒီလူတွေကို ဒီလို အခွင့်အရေးတွေ စိတ်မကူးနဲ့လို့ ပြောလို့ မရတော့ပါဘူး။ လက်ရှိ တင်းမာမှုကို ဖြေရှင်းဖို့ အစိုးရကို အာဏာတွေ ပိုပေးတာ၊ စစ်တပ် အာဏာသိမ်းတာ၊ ယင့်လတ်ကို နိုင်ငံရေးက ဖယ်ရှားတာ စသည်ဖြင့် ဘာပဲလုပ်လုပ် နိုင်ငံရေး စီးပွားရေး အခြေခံ ပြဿနာတွေကို မရှင်းနိုင်သရွေ့ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး။

မေး။ ဒီလို အကြပ်အတည်းဖြစ်နေတဲ့ အခြေအနေမျိုးမှာ ထိုင်းစစ်တပ်က ဝင်ရောက်စွက်ဖက် လာနိုင်ပါသလား။

ဖြေ။ ထိုင်းစစ်တပ်က နိုင်ငံရေးမှာ ကြိမ်ဖန်များစွာ စွက်ဖက်လေ့ ရှိခဲ့ပေမယ့် နောက်ဆုံးတခေါက် အာဏာသိမ်းမှုမှာ သူတို့ ဖြစ်ချင်သလို သက်ဆင် မိသားစုကို နိုင်ငံရေးက ဖယ်မထုတ်နိုင်ခဲ့ပါဘူး။ အကြောင်းကတော့ နိုင်ငံရေး အခြေခံကို စစ်တပ်က မပြောင်းနိုင်ဘဲ ဆန္ဒပြနိုင်ငံရေးက ပါတီတွေမှာ ဆက်ပြီး ရေပန်းစား နေလို့ပါပဲ။ အရင်က စစ်တပ်ကို အထောက်ခံဆုံး လူတွေတောင်မှ အဲဒီတခါက မထောက်ခံကြတော့တာမို့ စစ်တပ်က နောက်ထပ် တခါဝင်ပြီး စွက်ဖက်ဖို့ အတော် တုန်လှုပ်နေပါပြီ။ အာဏာထပ်သိမ်းရင် ထပ်ပြီး ဒုက္ခတွေ့ဖို့ များနေပါတယ်။

မေး။ လက်ရှိ ထိုင်းနိုင်ငံရေးမှာ ဘန်ကောက် မြို့ပေါ်က လူလတ်တန်းစားတွေက ဘယ်လောက် ချုပ်ကိုင်ထားနိုင်သလဲ၊ သူတို့က ထိုင်းဒီမိုကရေစီမျက်နှာစာကို ဘယ်လို ပုံဖော်ကြဦးမလဲ။

ဖြေ။ ဒီလူတွေထဲက တချို့ အစိတ်အပိုင်းက ထိုင်းနိုင်ငံရေးကို ဆုံးဖြတ်နိုင်တယ်လို့ သူ့တို့ကိုယ်သူတို့ ခံယူထားကြသူတွေ ဖြစ်ပါတယ်။ မဲနဲ့ရွေးကောက်တဲ့ စနစ်မှာ သူတို့က အနည်းစုမို့ အာဏာ မရတဲ့ အတွက် မကြိုက်ကြပါဘူး။ ဒီလို စနစ်က ဖြစ်နေတဲ့ပြဿနာကို ဖြေရှင်းဖို့လည်း မလွယ်ပါဘူး။ အကောင်းဆုံး လုပ်နိုင်တာက လူလတ်တန်းစားကလည်း လက်ရှိ နိုင်ငံရေး အခြေအနေမှန်ကို နားလည်ဖို့ လိုသလို လက်ရှိ အာဏာရ တွေကလည်း ဒီလူတွေနဲ့ နားလည် စေ့စပ်နိုင်ဖို့ပဲ ရှိပါတယ်။ ဒီမိုကရေစီ ပြောင်းပြန်လှန်ပြီး အာဏာရှင် စနစ် ပြန်သွားရင်တော့လည်း တနိုင်ငံလုံးမှာရှိတဲ့ ကျန်တဲ့သူတွေက လက်ခံမှာ မဟုတ်ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ