တရုတ်ပြည်သူတွေကို ကန် ဒုသမ္မတ တွန်းအားပေး

Image caption ဘေဂျင်းကို ရောက်ရှိလာတဲ့ အမေရိကန် ဒုသမ္မတ။

အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒန် ရဲ့ တရုတ် ခရီးစဉ် အစမှာ တရုတ် ပြည်သူတွေကို သူတို့ အစိုးရကို စိန်ခေါ်ကြဖို့ သူက အားပေးခဲ့ ပါတယ်။

ရှိရင်းစွဲ အခြေအနေကို စိန်ခေါ် အန်တုရဲတဲ့ အမေရိကန် လူငယ်တွေကို မနှိပ်ကွပ်ဘဲ ချီးမြှင့် မြှောက်စားလေ့ ရှိတယ်လို့ ဘေဂျင်းမြို့ အမေရိကန် သံရုံးမှာ ပြည်ဝင်ခွင့် လာလျှောက်တဲ့ တရုတ် နိုင်ငံသားတွေကို မစ္စတာ ဘိုင်ဒန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ် ဒုသမ္မတ Li Yuaonchao လီယူ အန်ချောင်းရဲ့ ဧည့်ခံပွဲမှာတော့ မစ္စတာ ဘိုင်ဒန်က နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အရေးပါမှုကို ပြောကြားခဲ့ပါတယ်။

အင်အားကြီး ၂ နိုင်ငံရဲ့ ၂၁ ရာစု ဆက်ဆံရေးမှာ လက်တွေ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ အကျိုးရလဒ်တွေ ဖော်ထုတ်ဖို့ လိုတယ်လို့ မစ္စတာ ဘိုင်ဒန်က ဆိုပါတယ်။

နောက်ပိုင်းမှာ တရုတ် သမ္မတ ရှီကျင်ပင်းနဲ့လည်း သူ တွေ့ဆုံခဲ့ပါတယ်။

ဒီခရီးစဉ်ရဲ့ ဦးတည်ချက်ကတော့ အရှေ့တရုတ် ပင်လယ်ထဲမှာ တရုတ် လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်မှုကြောင့် ဒေသတွင်း နိုင်ငံတွေ တင်းမာမှု လျော့ပါးရေးအတွက် လာရောက်တယ်လို့ ယူဆကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ