ဟဇ်ဘိုလာ ခေါင်းဆောင် လက်ဘနွန်မှာ လုပ်ကြံခံရ

  • 4 ဒီဇင်ဘာ 2013
Image caption လုပ်ကြံခံရသူ ရှီးယား မွတ်ဆလင် အုပ်စုဝင် ဟဇ်ဘိုလာ ခေါင်းဆောင်

ဟဇ်ဘိုလာ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဟာဆန် လာကစ်ဟာ မနေ့ည သန်းခေါင်ယံ အချိန်တဝိုက်က လက်ဘနွန်နိုင်ငံ ဟာဒတ်သ် မြို့ရှိ သူ့အိမ်ကို အပြန်မှာ လုပ်ကြံ ခံခဲ့ရကြောင်း ဟစ်ဘိုလာ အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သူဟာ လူသိနည်းသူ ဖြစ်ပေမယ့် ဟဇ်ဘိုလာ ခေါင်းဆောင် ဟာဆန် နာ့စ်ရာလာနဲ့ နီးစပ်သူ ဖြစ်ပြီး လက်နက်ထုတ်လုပ်ရေး အပိုင်းမှာ ကျွမ်းကျင်သူ လို့ သိရပါတယ်။

ဟဇ်ဘိုလာ အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဒါဟာ အစ္စရေး လက်ချက် ဖြစ်တယ်လို့ စွပ်စွဲထားပြီး မကြာခဏ ဆိုသလို အစ္စရေးက လုပ်ကြံဖို့ ကြိုးစားနေခဲ့တယ် လို့လည်း ဆိုပါတယ်။

ဒါပေမယ့် အစ္စရေး ဘက်ကတော့ ငြင်းဆိုထားပါတယ်။ ဟဇ်ဘိုလာတွေ အနေနဲ့ ခိုင်လုံတဲ့ သက်သေခံ အချက်အလက်တွေကို ဘယ်တော့မှ အရင် မရှာဘဲ အစ္စရေးကိုသာ ပုံချလေ့ရှိတဲ့အကြောင်း အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်လိုက်ပါတယ်။

ဘီဘီစီ သတင်းထောက် ဂျင်မြူယာကတော့ ဟာဆန် လာကစ်ဟာ ဆီးရီးယား ပြည်တွင်းစစ်မှာ ဟဇ်ဘိုလာ ရှီးယားမွတ်ဆလင် အုပ်စုဝင် ဖြစ်တဲ့အတွက် ဝင်ရောက် တိုက်ခိုက် ပတ်သက်မှုတွေ ရှိနေခဲ့လို့ ဆွန်နီ စစ်သွေးကြွတွေက လုပ်ကြံဖွယ်ရှိကြောင်း ပြောပါတယ်။

ဟာဆန် လာကစ်ဟာ ဟဇ်ဘိုလာ အဖွဲ့ထဲမှာ အဆင့်မြင့် လက်နက် ထုတ်လုပ်တဲ့ အပိုင်းနဲ့ ဖောက်ခွဲရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်သူ ဖြစ်တဲ့အကြောင်း၊ အကြမ်းဖက် လုပ်ငန်းနဲ့ တန်ပြန် အကြမ်းဖက် လုပ်ငန်းတွေကို အီရန်နိုင်ငံမှာလည်း သွားရောက် လေ့လာသင်ယူခဲ့လို့ ဟဇ်ဘိုလာ အဖွဲ့ထဲမှာ ထင်ရှားတဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့အကြောင်း စစ်ထောက်လှမ်းရေး ကျွမ်းကျင်တဲ့ အစ္စရေး သတင်းစာ ဆောင်းပါးရှင် ဒေါက်တာ ရိုနင် ဘဂ်မင်က ရေးသား ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ