တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား ကွယ်လွန်

  • 5 ဒီဇင်ဘာ 2013
Image caption မစ္စတာ မန်ဒဲလား ကွယ်လွန်သွားတဲ့အတွက် ကမ္ဘာတဝှမ်း ဝမ်းနည်းကြေကွဲ

အသက်၉၅နှစ် အရွယ် တောင်အာဖရိက သမ္မတ ဟောင်း နယ်လ်ဆင် မန်ဒဲလားဟာ ဂျိုဟက်နက်စ်ဘာ့ဂ် မြို့ နေအိမ်မှာ ကြာသပတေးညက ကွယ်လွန်သွားပါပြီ။

မစ္စတာ နယ်လ်ဆင် မန်ဒဲလား ကွယ်လွန်သွားတာဟာ တောင်အာဖရိက နိုင်ငံအတွက် အမြင့်မြတ်ဆုံး သားကောင်းရတနာ တဦး ဆုံးရှုံးသွားတာ ဖြစ်သလို တောင်အာဖရိက ပြည်သူတွေ အတွက်လည်း ဖခင်ကောင်းတဦး ဆုံးရှုံးသွားတာလို့ တောင်အာဖရိက သမ္မတ ဂျက်ကော့ဘ် ဇူးမားက ပြောပါတယ်။

လူ့ဂုဏ်သိက္ခာ၊ တန်းတူ ညီမျှရေး၊ လွတ်လပ်ရေးတွေ အတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ခဲ့တဲ့ မစ္စတာ မန်ဒဲလားရဲ့ လုပ်ရပ်တွေဟာ ကမ္ဘာတဝှမ်းက လူအများအပြား အပေါ် သြဇာလွှမ်းမိုး နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကလည်း မစ္စတာ နယ်လ်ဆင် မန်ဒဲလား ကွယ်လွန်သွားတာဟာ သြဇာတိက္ကမ အရှိဆုံး၊ လူသား အဆန်ဆုံးလူ တဦးကို လက်လွှတ် ဆုံးရှုံးလိုက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း မစ်စတာ မန်ဒဲလားနဲ့ ကိုယ်တိုင် ကိုယ်ကျ တွေ့ဆုံခဲ့ရတာဟာ သူ့ဘဝမှာ ကြီးမြတ်တဲ့ ဂုဏ်ယူမှု တခု ဖြစ်တယ်လို့ ပြောပါတယ်။

မစ္စတာ မဲန်ဒဲလားရဲ့ နိုင်ငံတော် စျာပန အခမ်းအနား ကျင်းပပြီးချိန်အထိ တောင်အာဖရိက တနိုင်ငံလုံးမှာ ဝမ်းနည်းကြေကွဲတဲ့ အထိမ်းအမှတ် နိုင်ငံတော် အလံ တဝက် လွှင့်ထူထားမယ်လို့ သမ္မတ ဇူးမားက ပြောပါတယ်။

မစ္စတာ မန်ဒဲလားရဲ့ အိမ်အပြင်ဘက်မှာ လူတွေ စုဝေး ရောက်ရှိနေပြီး အသား အရောင် ခွဲခြားမှု ဆန့်ကျင် တော်လှန်ရေး ကာလတွင်းက သီချင်းတွေကို ဟစ်ကြွေး ကခုန်နေကြပါတယ်။