ထိုင်းဘုရင့် မွေးနေ့မှာ ဆန္ဒပြမှု အခြေအနေတွေ ငြိမ်သက်

  • 5 ဒီဇင်ဘာ 2013
ထိုင်းပြည်သူတွေ အထူး ကြည်ညို လေးစားကြတဲ့ ဘုရင် ဘူမိဘော သက်တော် ၈၆နှစ်ပြည့်

အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေ ရက်အတန် ကြာ ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံမှာ ဒီကနေ့ ကျရောက်တဲ့ ထိုင်းဘုရင်ကြီးရဲ့ ၈၆နှစ်မြောက် မွေးနေ့ မှာတော့ အခြေအနေတွေ အတော်လေး အေးဆေး ငြိမ်သက်နေပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုံးကတော့ ဘန်ကောက်မြို့တော်မှာ ဆိုးဆိုးဝါးဝါး အကြမ်းဖက် ဆန့်ကျင် ဆန္ဒပြမှုတွေ ရှိခဲ့ရာမှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အဲဒီထဲမှာ ၃ဦးက အစိုးရကို ထောက်ခံသူတွေ ဖြစ်ပြီး ကျန်တဲ့ တဦးကတော့ စစ်သားတဦး ဖြစ်ပါတယ်။

တာဝန်ကနေ နားရက် ရထားတဲ့ အဲဒီ စစ်သားဟာ ပြီးခဲ့တဲ့ စနေနေ့က ဘန်ကောက်မြို့ အရှေ့ဘက် ရမ်ကမ်ဟန်အရပ်မှာ အစိုးရကို ထောက်ခံတဲ့ ရှပ်နီ ဆန္ဒပြသူတွေ အတွက် အစောင့်အရှောက်အဖြစ် သူသဘောနဲ့သူ စေတနာ့ ဝန်ထမ်း လုပ်ပေးခဲ့ရာကနေ သေဆုံးခဲ့တာပါ။

အဲဒီနေ့က ရှပ်နီတွေဟာ ရမ်ကန်ဟန်က အားကစားဝန်းထဲမှာ စုဝေးနေခဲ့ ကြတာ ဖြစ်ပြီး အစိုးရ ဆန့်ကျင်သူတွေနဲ့ ထိပ်တိုက် မဖြစ်အောင် အားကစားဝန်း ထဲမှာ နေကြဖို့ ထိန်းထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အားကစားဝန်း အပြင်ဘက်မှာတော့ စုဝေးဖို့ ရောက်လာကြတဲ့ ရှပ်နီတွေနဲ့ ဒေသခံ ကျောင်းသား အုပ်စုတွေ ထိပ်တိုက်တွေ့ပြီး ခိုက်ရန် ဖြစ်ခဲ့ရာကနေ တဘက်နဲ့ တဘက် အပြန်အလှန် သေနတ် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး စစ်သားလေးရဲ့ ခေါင်းကို ကျည်ဆံ ထိမှန်ပြီး ဆေးရုံမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ ဆန္ဒပြမှုတွေ အေးဆေးနေပြီး ထိပ်တိုက် ရင်ဆိုင်မှုတွေ မရှိတော့ပေမယ့် အချိန်မရွေး မီးထတောက် လာနိုင်တယ် ဆိုတာကို အဲဒီ စစ်သားလေးရဲ့ သေဆုံးမှုက သတိပေးနေတယ်လို့ ဘန်ကောက်မှာရှိတဲ့ ဘီဘီစီ သတင်းထောက် Jonathan Head က ပြောပါတယ်။

စနေနေ့က ရမ်ကန်ဟန်က အကြမ်းဖက် တိုက်ခိုက်မှုဟာ ဘယ်လောက်ထိအောင် အခြေအနေ ဆိုးလာနိုင်တယ် ဆိုတာကို ဖေါ်ပြနေပြီး အစိုးရကို ထောက်ခံသူတွေ ကိုသာ လမ်းမပေါ် ထွက်ခွင့် ပြုလိုက်မယ်ဆိုရင် ဒါ့ထက် ဆိုးဝါးတဲ့ အကြမ်းဖက်မှု မျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာ သတိပေးနေတယ်လို့ ဆိုပါတယ်။