ထိုင်း လွှတ်တော် ဖျက်သိမ်း၊ ဆန္ဒပြမှု မရပ်သေး

  • 9 ဒီဇင်ဘာ 2013
Image caption အစိုးရရုံး အပြင်ဘက်က ဆန္ဒပြသူများ။

ထိုင်းအစိုးရက ကြားဖြတ်ရွေးကောက်ပွဲတွေ လုပ်ပေးမယ်လို့ ကြေညာပေမယ့် ဆန္ဒပြသူ တွေဟာ ဘန်ကောက်မြို့တော်က လမ်းမကြီး တွေမှာ သိန်းချီပြီး ဆက်လက် ဆန္ဒပြနေကြပြီး ညနေပိုင်းမှာတော့ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းမယ်လို့ ကြေညာလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်က ထိုင်း လွှတ်တော်ကို ဖျက်သိမ်းလိုက်ကြောင်း ရုပ်မြင်သံကြား ကနေ ကြေညာသွားရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်၊ ပြည်သူတွေ ရွေးချယ် ဆုံးဖြတ်နိုင်အောင် ပြည်သူကို အာဏာ ပြန်အပ် လိုက်တာ ဖြစ်တယ်၊ ရွေးကောက်ပွဲ ပြီးတဲ့အထိ လက်ရှိ အစိုးရအနေနဲ့ အိမ်စောင့်အစိုးရ အဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ရွေးကောက်ပွဲကို အမြန်ဆုံး ပြုလုပ်ပေးမယ်လို့ ကြေညာသွားပါတယ်။

လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲကို ၄၅ ရက်ထက် မစောဘဲ ရက် ၆ဝ ထက် မကျော်တဲ့ ရက်အတွင်းမှာ ပြုလုပ်ရမယ် ဆိုတဲ့အတွက် ဖြစ်နိုင်ခြေရက်က လာမယ့်နှစ် ဖေဖေါ်ဝါရီ ၂ ရက်နေ့လို့ ခန့်မှန်း ပြောဆိုမှုတွေ ရှိနေပါတယ်။

အစိုးရကို ဆန့်ကျင်တဲ့သူတွေက အောင်ပွဲခံတဲ့အနေနဲ့ လမ်းမတွေပေါ်မှာ တနေကုန် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ နေ့လည်ပိုင်းမှာ ဝန်ကြီးချုပ်ရုံး ပတ်ပတ်လည်မှာ သိန်းနဲ့ချီပြီး စုရုံးဆန္ဒပြကြပါတယ်။

ညဦးပိုင်းမှာတော့ ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင် စူထေ့ပ် ထူယက် စူဘမ်းက စင်ပြိုင် အစိုးရသစ်တရပ် ဖွဲ့စည်းမယ့်အကြောင်း ကြေညာလိုက်ပါတယ်။ ဘယ်လို ဖွဲ့စည်းမလဲဆိုတာကိုတော့ ရှင်းရှင်း လင်းလင်း ပြောဆိုသွားချင်းတော့ မရှိပါဘူး။ ဆန္ဒပြပွဲကိုလည်း ရပ်ဆိုင်းမယ့် အနေအထား မရှိသေးပါဘူး။

ဝန်ကြီးချုပ်ယင့်လတ်ခ် ချင်နဝပ်အစိုးရက နိုင်ငံရေးတင်းမာမှုတွေကနေ သွေးထွက်သံယို ဖြစ်မှာကို ရှောင်လွဲနိုင်ဖို့ လွှတ်တော်ဖျက်သိမ်းခဲ့ပေမယ့် လက်ရှိနိုင်ငံရေး မကြေနပ်ချက်တွေကိုတော့ ဖြေရှင်းနိုင်ခြင်းမရှိဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးအဖြေရှားဖို့ လိုနေတယ်လို့ မဟိဒွန် တက္ကသိုလ် ငြိမ်းချမ်းရေးဖွံ့ဖြိုးရေးသုတေသနမှူး ကိုထုန်း အလီယားက ထောက်ပြပါတယ်။

လက်ရှိအနေအထားရ ရွေးကောက်ပွဲမှာ လက်ရှိ အစိုးရပါတီဖြစ်တဲ့ ဖုယာထိုင်းပါတီကပဲ အမတ်အများစု အနိုင်ရဖို့ရှိပါတယ်။ နိုင်ငံရေးပြဿနာတွေကို မရှင်းဘူးဆိုရင်တော့ ဆန္ဒပြပွဲတွေက နောက်ထပ်ပေါ်လာဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ