ယူကရိန်းမှာ သိန်းနဲ့ချီတဲ့လူတွေ ဆက်လက်ဆန္ဒပြ

  • 9 ဒီဇင်ဘာ 2013
Ukrain
Image caption လီနင်ရုပ်တုကြီးကို ဖြိုချဖျက်ဆီးခဲ့

ယူကရိန်းနိုင်ငံမြို့တော် ကီးရပ်မှာ သိန်းနဲ့ချီတဲ့ လူတွေ ဆက်လက် ဆန္ဒပြနေကြပါတယ်။

ယူကရိန်းအစိုးရက ဥရောပသမဂ္ဂနဲ့ ပိုမို နီးစပ်နိုင်မယ့် သဘောတူစာချုပ်ကို လက်မှတ်ထိုးဖို့ ငြင်းဆိုခဲ့တဲ့အတွက် လူတွေ လမ်းပေါ်ထွက် ဆန္ဒပြကြတာဖြစ်ပြီး ဒီဆန္ဒပြမှုတွေဟာ ယူကရိန်းမှာ ၂၀၀၄ တုန်းက လိမ္မော်ရောင်တော်လှန်ရေးဖြစ်ပြီးနောက် အကြီးမားဆုံး ဆန္ဒပြမှုတွေလည်း ဖြစ်ပါတယ်။

သမ္မတ ဗစ်တာ ယန်နူကိုဗစ်က ရရှားရဲ့ ကန့်ကွက်မှုကြောင့် အီးယူနဲ့လက်မှတ်မထိုးတာလို့ ပြောခဲ့ပြီးတဲ့နောက် တနင်္ဂနွေနေ့တုန်းကတော့ မြို့လယ်က အရင်ဆိုဗီယက် ခေါင်းဆောင်ဟောင်း လီနင်ရဲ့ ရုပ်တုကြီးကို ကြိုးတွေ၊ သံချောင်းတွေနဲ့ ထုခွဲ ဖြိုချပြီး တူတွေနဲ့ ရိုက်နှက်ဖျက်ဆီးခဲ့ကြပါတယ်။ ဒီရုပ်တုကြီးဟာ ယူကရိန်းနဲ့ ရရှားတို့ရဲ့ တူညီခဲ့တဲ့ သမိုင်းကြောင်းကိုလည်း ဖော်ပြတဲ့ ရုပ်ထုဖြစ်ပါတယ်။

ယူကရိန်းအလံ အီးယူအလံတွေ ကိုင်ဆောင်ဆန္ဒပြနေကြသူတွေဟာ သမ္မတ ယန်နူကိုဗစ်ရဲ့ အစိုးရ ၄၈ နာရီအတွင်း ဖယ်ရှားပေးဖို့လည်း တောင်းဆိုနေပါတယ်။

နောက်ပြီး ဆန္ဒပြသူတွေဟာ သမ္မတနဲ့ အစိုးရဖွဲ့သစ် ဖွဲ့နိုင်ဖို့ ရွေးကောက်ပွဲသစ် ကျင်းပပေးပါ ၊ ဥရာပ သမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ပါ လို့လည်း ကြွေးကြော် တောင်းဆိုခဲ့ပါတယ်။

ညပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ အစိုးရရုံးတွေကို ကားတွေ၊ ရွက်ဖျင်တဲတွေ၊ အကာအရံတွေနဲ့ ပိတ်ဆိုထားကြပါတယ်။

ဥရောပသမဂ္ဂအကြီးအကဲ ကက်သရင်း အက်ရှ်တန်လည်း ဒီတပတ်အတွင်း ယူကရိန်ကို သွားရောက်ပြီး အဲဒီက နိုင်ငံရေးအကျပ်အတည်းအတွက် ထွက်ပေါက်ရနိုင်ရေး ပံ့ပိုးနိုင်အောင် သွားရောက်မယ်လို့ ဥရောပ ကော်မရှင်ကလည်း ကြေငြာထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ