မန်ဒဲလားအတွက် အမှတ်ရ ချီးကျူး ဂုဏ်ပြုပွဲ

  • 10 ဒီဇင်ဘာ 2013
Image caption အမှတ်ရ အခမ်းအနားကို တက်ရောက်လာကြတဲ့ ပြည်သူများ

ကွယ်လွန်သူ တောင်အာဖရိက သမ္မတ ဟောင်း နယ်လ်ဆင်မန်ဒဲလားအတွက် အမှတ်ရ ချီးကျူး ဂုဏ်ပြုပွဲကို ဂျိုဟန်နတ်စ်ဘတ် မြို့က FNB အားကစား ဝင်းကြီးထဲမှာ စတင်ကျင်းပနေပြီ ဖြစ်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်း နဲ့ တခြား ကမ္ဘာ့ခေါင်းဆောင် တွေ တက်ရောက်ပြီး မစ္စတာ မန်ဒဲလား အတွက် ချီကျူး ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားက မစ္စတာ မန်ဒဲလားဟာ တခြား ဘယ်သူနဲ့မှ မတူတဲ့ သမိုင်းမှာ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်ကြောင်း ပြောကြားသွား ပါတယ်။ မစ္စတာ မန်ဒဲလား အတွက် ချီးကျူးဂုဏ်ပြုပွဲကို တခြား နိုင်ငံ့ခေါင်းဆောင် တွေကို ဖိတ်ကြားပြီး အတူမျှဝေ ဆောင်ရွက်တဲ့အတွက် တောင်အာဖရိကနိုင်ငံကို ကျေးဇူးတင်ကြောင်း မစ္စတာ အိုဘားမားက ပြောပါတယ်။

မစ္စတာ မန်ဒဲလားဟာ ၂၀ ရာစုအတွက် ကြီးကျယ် မြင့်မြတ်တဲ့ နောက်ဆုံး လွတ်မြောက်ရေး ခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့လည်း အိုဘားမားက ပြောပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ မညီမျှမှု၊ ဆင်းရဲ မွဲတေမှုနဲ့ လူမျိုးရေး ခွဲခြား ဆက်ဆံမှုတွေကို တိုက်ဖျက်ရာမှာ နယ်လ်ဆင် မန်ဒဲလားရဲ့ ဆောင်ရွက်ချက်တွေကို အတုယူကြဖို့ မစ္စတာ အိုဘားမားက တိုက်တွန်းသွားပါတယ်။

မစ္စတာ အိုဘားမားဟာ စကားပြောဖို့ စင်မြင့်ပေါ်ကို အသွား ကျူးဘား သမ္မတ ရာအူး ကက်စထရိုကို လက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။ နှစ် ၅၀ ကျော်ကြာ အဆင်မပြေ ဖြစ်နေကြတဲ့ အမေရိကန်နဲ့ ကျူးဘား နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦး အခုလို နှုတ်ဆက်တာဟာ ဘယ်သူမှ ထင်မှတ်မထားကြတဲ့ ဆက်ဆံမှု ဖြစ်ပါတယ်။

မိုးတွေ သည်းထန်စွာ ရွာနေတဲ့ကြားက ကျင်းပနေတဲ့ ဒီ အမှတ်ရ အခမ်းအနားမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ မန်ဒဲလား မိသားစုနဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေရဲ့ ချီးကျူး ပြောကြားချက်တွေကို လာရောက် နားထောင်ခဲ့ကြပါတယ်။

မစ္စတာ မန်ဒဲလားဟာ နှိမ့်ချတတ်တဲ့ လူတစ်ဦးဖြစ်ပြီး အမျိုးသား အမျိုးသမီး တန်းတူ ညီမှုကို လိုလားသူ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး သန်ဒူဇိုလို မန်ဒဲလားက ဖေါ်ပြ ပြောဆိုပါတယ်။

မစ္စတာ ဘန်ကီမွန်းကတော့ တောင်အာဖရိကဟာ သူရဲကောင်းတစ်ဦး ဆုံးရှုံးခဲ့ရပြီး ကမ္ဘာကြီးရဲ့ ချစ်လှစွာသော ရှေ့ဆောင်လမ်းပြ မိတ်ဆွေကောင်းတစ်ဦး ဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ