မန်ဒဲလား ရုပ်ကလာပ် အိမ်ပြန် ရောက်ပြီ

  • 14 ဒီဇင်ဘာ 2013
Image caption တနင်္ဂနွေနေ့မှာ မွေးရပ်မြေ ခူနူရွာမှာ စျာပန ကျင်းပမှာ ဖြစ်ပါတယ်

တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားရဲ့ ရုပ်ကလာပ်ကို သူရဲ့ ဇာတိရွာ ရှိတဲ့ Eastern Cape ပြည်နယ်ကို လေယာဉ်နဲ့ သယ်ဆောင်သွား ပြီးနောက် အခုတော့ ရုပ်ကလာပ် ထည့်ထားတဲ့ ခေါင်းတလားဟာ သူ့ဇာတိ ခူနူ ရွာကို ရောက်ရှိသွား ပါပြီ။

အလောင်း တင်လာတဲ့ စျာပန ယာဉ်တန်းကို တောင်အာဖရိက ပြည်သူတွေ ဟာ လမ်း တဖက် တချက် ကနေ စီတန်းပြီး ကြိုဆို ဂါဝရ ပြုခဲ့ကြပါတယ်။

အဲဒီ ဒေသ လူမျိုးစု တွေရဲ့ ဓလေ့ ထုံစံ အတိုင်း နယ်ဆင် မန်ဒဲလားရဲ့ မြေးဖြစ်သူ မန်ဒလာဟာ စျာပန ယာဉ်တန်းနဲ့ လိုက်ပါ သွားကာ၊ မန်ဒဲလား အခေါင်း ကို ကြည့်ပြီး မန်ဒဲလားဟာ ထာဝရ အိပ်စက် အနားယူဖို့ အတွက် အိမ်ပြန် နေပြီ ဖြစ်ကြောင်း ပြောဆိုနေ ခဲ့ပါတယ်။

အစောပိုင်း တုန်းကတော့ အာဏာရ ANC အဖွဲ့ဝင် ၁၀၀၀ လောက်ဟာ မြို့တော် ပရီတိုးရီယားမှာ မစ္စတာ မန်ဒဲလား ရုပ်ကလာပ်ကို နောက်ဆုံး ဂါဝရပြု နှုတ်ဆက် ခဲ့ကြ ပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်တုန်း ကတော့ ပရီတိုးရီးယားမှာ သူ့ ရုပ်ကလာပ်ကို အများ ပြည်သူ ဂါဝရပြုဖို့ ထားရှိခဲ့ တာပါ။ တနင်္ဂနွေနေ့မှာ ခူနူရွာမှာ စျာပန ကျင်းပမှာ ဖြစ်ပါတယ်။

ဒက်စမွန် တူးတူး မတက်ရောက်

Image caption မန်ဒဲလား စျာပန အတွက် တရားဝင် အသိ အမှတ် ပြု ဖိတ်ကြား တာမျိုး မရ

ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီးဟောင်း ဒက်စမွန် တူးတူးဟာ မစ္စတာ မန်ဒဲလား စျာပန တက်ရောက်မယ့် အစီ အစဉ်ကို ဖျက်သိမ်း လိုက်ပြီလို့ အတည်ပြု ကြေညာ လိုက်ပြီ ဖြစ်ပါတယ်။

အကြောင်း ကတော့ သူ့အနေနဲ့ ဒီပွဲကို တက်ဖို့ တရားဝင် အသိ အမှတ်ပြု ဖိတ်ကြား တာမျိုး မရတဲ့ အတွက် ဖြစ်ပါတယ်။

သူ့ကို ကြိုဆိုသမှု ပြုခဲ့မယ် ဆိုရင်တော့ သူ့ အနေနဲ့ ဒီလို အခမ်း အနား မျိုးကို လက်လွှတ် အဆုံးရှုံး ခံမှာ မဟုတ်ဘူးလို့ ကြေညာချက် ထဲမှာ ဖေါ်ပြထား ပါတယ်။

တောင်အာဖရိက သမ္မတ ရုံးက ပြောခွင့်ရသူ အစောပိုင်း ပြောတာ ကတော့ ဘုန်းတော်ကြီး ဒက်စမွန် တူးတူးကို ဖိတ်ကြား ထားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် လည်းဖြစ်၊ နယ်လ်ဆင် မန်ဒဲလား ရဲ့ ကာလ ကြာရှည် မိတ်ဆွေလည်း ဖြစ်တဲ့ ဘုန်းတော်ကြီးဟာ လက်ရှိ တောင်အာဖရိ အစိုးရ ကို ဝေဖန် နေသူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ