မန်ဒဲလားကို ဇာတိရွာမှာ မြှုပ်နှံသဂြိုဟ်

  • 15 ဒီဇင်ဘာ 2013

တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတ နယ်လ်ဆင် မန်ဒဲလားကို သူ့ရဲ့ ငယ်စဉ်က နေထိုင်ခဲ့တဲ့ အီစတင်းကိပ်ပြည်နယ် ရှိ Qunu ကျေးရွာမှာ ဒီဇင်ဘာ ၁၅ ရက်က မြှုပ်နှံ သဂြိုဟ် လိုက်ပါတယ်။

သူတို့ မိသားစုပိုင် မြေကွက်မှာ မမြုပ်နှံမီ လူ ၄၀၀၀ ကျော် တက်ရောက်တဲ့ နိုင်ငံတော် စျာပန အခမ်းအနား ကျင်းပခဲ့ပါတယ်။

အဲဒီ အခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသား အဖြစ် ၂၇ ထောင်ဒဏ် ကျခံပြီး တိုင်းပြည်ကို လူနည်းစု လူဖြူ အုပ်ချုပ်ရေး ကနေ လက်ရှိ အခြေအနေ ရောက်အောင် ပြောင်းပေးခဲ့တဲ့ မန်ဒဲလားကို အာဖရိက ခေါင်းဆောင်များ မိတ်ဆွေနဲ့ မိသားစုဝင်များက ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ မြေးတွေထဲက Nandi က အဖိုးဖြစ်သူကို ဂုဏ်ပြု စျာပနပွဲမှာ အမှတ်တရ စကား ပြောခဲ့ပါတယ်။

ဒီတောတောင်တွေကြားမှာ ကြီးလာတဲ့ အာဖရိကရဲ့သားကောင်း ကမ္ဘာ့ခေါင်းဆောင်ကြီး ဟာ ဒီနေရာမှာ လဲလျောင်းပါတယ်။ သူဟာ ဖိနပ်မစီးနိုင်ဘဲ ကျောင်းတက်ခဲ့ရပြီး အဆင့်မြင့်ဆုံး ရာထူးကို ရယူခဲ့တယ်။ တောင်အာဖရိက သမ္မတသာမက ကမ္ဘာ့အကြီးမားဆုံး နိုင်ငံရေးသမားကြီး ဖြစ်လာတယ်။ သူ့ရဲ့ တချိန်လုံး ပြောလိုတဲ့ အချက်ကတော့ ကိုယ့်နောက်ခံထက် ဘဝမှာ ရည်မှန်းချက် ပြည့်ဖို့ လူတိုင်းမှာ ပင်ကိုယ်ပါလာတယ်လို့ သာဓက ပြသွားကြောင်း Nandi က ပြောသွားပါတယ်။

လက်ရှိသမ္မတ ဂျက်ကော့ ဇူးမား ကလည်း တောင်အာဖရိက နိုင်ငံသားတွေ အနေနဲ့ သူ့ရဲ့ အစဉ်အလာကောင်းတွေ ဆက်ထိန်းဖို့ လိုမယ် လို့ ပြောသွားပါတယ်။

အခု စျာပန အခမ်းအနားကို မန်းဒဲလားရဲ့ ကော်ဆာ မျိုးနွယ်စု ရိုးရာဓလေ့တွေအတိုင်း စစ်ရေးအရ အမြင့်ဆုံး ဂုဏ်ပြုအခမ်းအနားနဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။

အထူး ဆောက်လုပ်ထားတဲ့ မဏ္ဍပ်ဆီကို သူ့ရုပ်ကလာပ် သယ်သွားတဲ့အခါ အမြောက် ပစ်ဖောက်ပြီး ဂုဏ်ပြုပါတယ်။။ သူ့ရဲ့ အသက်စေ့ ဖယောင်းတိုင် ၉၅ တိုင် ထွန်းထားတဲ့ စင်မြင့်ရဲ့ နောက်မှာ သူ့ရဲ့ ဧရာမ ပုံကြီး ချိတ်ဆွဲထားပါတယ်။

ကော်ဆာ ရိုးရာ ဓလေ့အတိုင်း သင်္ဂြိုဟ်ရာမှာ ကောင်းကင်ကနေ အာဖရိက အလံ သယ်ဆောင်ထားတဲ့ ရဟတ်ယာဉ် သုံးစီး ဂုဏ်ပြု ပျံသန်းပါတယ်။ အဲဒီနောက် အမြောက် ပစ်ဖေါက်ပြီး ဘင်ခရာအဖွဲ့က နောက်ဆုံး ဂါရဝတီးလုံးနဲ့ ဂုဏ်ပြုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ