NSA လုပ်ရပ်က ဥပဒေနဲ့ လိုက်လျောညီထွေမှုမရှိဘူးလို့ ဆိုပြီ

  • 17 ဒီဇင်ဘာ 2013
Image caption NSA လုပ်ရပ်ကို အမေရိကန်မှာ ဆန့်ကျင် ဆန္ဒပြ

အမေရိကန်နိုင်ငံမှာ အမျိုးသား လုံခြုံရေးအေဂျင်စီ NSA က ရယူခဲ့တဲ့ ဖုန်းဆက်သွယ်မှုနဲ့ အသံဖမ်းယူခဲ့မှုတွေဟာ အခြေခံဥပဒေနဲ့မကိုက်ညီဘူးလို့ အမေရိကန် ဖက်ဒရယ် ပြည်ထောင်စု တရားသူကြီးက ကြေငြာလိုက်ပါတယ်။

NSA ကနေ သတင်းအချက်အလက်တွေကို လျှို့ဝှက်ရယူခဲ့မှုကို လူတွေကြား စသိလာရတာကတော့ အခု ပြည်ပမှာ ထွက်ပြေး ခိုလှုံနေတဲ့ အမေရိကန် NSA ၀န်ထမ်းဟောင်း အက်ဒဝပ် စနိုဒင်ရဲ့ ဖွင့်ချမှုတွေက စခဲ့တာ ဖြစ်ပါတယ်။

NSA အနေနဲ့ ဖုန်းနံပါတ်တွေ၊ အီးမေးတွေ၊ နောက်ပြီး ဖုန်းခေါ်ဆိုတဲ့ အချိန် နေ့ရက်တွေကို လျှို့ဝှက် ရယူခဲ့ရာမှာ လူတိုင်းဆီက သိမ်းကြုံးရယူခဲ့တယ်၊ ဥပဒေမဲ့ လုပ်ခဲ့တယ်လို့ ဝါရှင်တန်ဒီစီ ဖက်ဒရယ် တရားသူကြီး Richard Leon က ပြောပါတယ်။

အခြေခံဥပဒေထဲမှာ ကျိုးကြောင်းမဲ့ ရှာဖွေမှုတွေ နဲ့ သိမ်းယူမှုတွေကို တားမြစ်ထားတယ်လို့ သူက ထောက်ပြပါတယ်။

ဒီမတိုင်ခင်လေးတင်ပဲ အမေရိကန် သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ရာမှာတော့ လျို့ဝှက်သတင်းတွေ ဖွင့်ချခဲ့သူ အက်ဒဝပ် စနိုဒင်ဟာ ကြီးမားတဲ့ ပြစ်မှုတွေနဲ့ ရင်ဆိုင်ရမယ်၊ သူ့အနေနဲ့ အမေရိကန်ပြန်လာပြီး တရားရင်ဆိုင်ဖို့လည်း ထပ်မံ ကြေငြာခဲ့ပါတယ်။

အစောပိုင်းတုန်းက မစ္စတာ စနိုဒင်အနေနဲ့ လျှို့ဝှက်ချက်တွေကို ဆက်လက် မဖော်ထုတ်ပဲ နေမယ်ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့် အပေးခံရမယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်် အဲဒီ သတင်းတွေကို အိမ်ဖြူတော်က ပယ်ချခဲ့ပါတယ်။