ရေနံ လုပ်ငန်းရှင်ကို ပူတင် လွတ်ငြိမ်းခွင့်ပေး

  • 20 ဒီဇင်ဘာ 2013
Image caption နာမည်ကျော် ရုရှ ရေနံလုပ်ငန်းရှင်ကို ၂၀၁၀ ခုနှစ်က တရားရုံးမှာ တွေ့ရစဉ်

အခွန်ရှောင်မှု၊ ခိုးမှုတွေနဲ့ ၁၀ နှစ်ကျော် ထောင် ကျနေတဲ့ ရုရှက နာမည်ကျော် ရေနံလုပ်ငန်းရှင် Mikhail Khodorkovsky ကို ရုရှသမ္မတ ဗလာတီမာပူတင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

နောက်နှစ် သြဂုတ်လမှာ လွတ်ရက်စေ့မှာ ဖြစ်တဲ့ ခါဒေါ့က် ကော့ဗ်စကီး ကို ခုလို လပိုင်းလောက် စောပြီး လွှတ်ပေးလိုက်တာဟာ ၂၀၁၄ ဖေဖော်ဝါရီမှာ ရုရှက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်အတွက် မိတ်ကပ် လိမ်းလိုက်တာလို့ တချို့က ဝေဖန်ကြပါတယ်။

တချို့ကတော့ သူဟာ စွပ်စွဲခံရတဲ့ အပြစ်တွေကို တကယ်ပဲ ကျုးလွန်ခဲ့တာဖြစ်လို့ ခုလို အခွင့်အရေးမျိုး မရသင့်ဘူးလို့ ပြောကြပါတယ်။ ဒါဟာ နာမည်ကြီးတဲ့ ရာဇဝတ်သား တစ်ယောက်ကို အသုံးချပြီး ပူတင်က နိုင်ငံရေးသြဇာ တက်အောင်လုပ်တာလို့ ဝေဖန်သူတွေ ရှိနေပါတယ်။

တဖက်မှာတော့ လွှတ်ပေးတဲ့အတွက် ပူတင်ဖက်က နိုင်ငံရေးအရ စွန့်စားရတာတွေ ရှိတယ်လို့တော့ လေ့လာသူတချို့က သုံးသပ်ပါတယ်။

အဖမ်းမခံရခင် အချိန်က ရုရှမှာ အချမ်းသာဆုံး ရေနံသူဌေးဖြစ်တဲ့ ခါဒေါ့က် ယော့စကီးဟာ ရုရှအတိုက်အခံ ပါတီတွေကို ပြောင်ပြောင်တင်းတင်းပဲ ငွေကြေးထောက်ပံ့နေခဲ့သူ ဖြစ်ပါတယ်။

ခါဒေါ့က်ကော့ဖ်စကီးဟာ နာမည်ကြီး မော်စကို စကိဗ် နိုဗိုစကီ သတင်းစာကို ထုတ်ဝေခွင့် ရသူ ဖြစ်ပြီး အစိုးရကို ဝေဖန်ရေးသားတဲ့ သတင်းသမားတွေကို သူ့သတင်းစားမှာ အလုပ်ခန့်ထားခဲ့ပါတယ်။

ရုရှအုပ်ချုပ်ရေးပိုင်းကို ဝေဖန်တဲ့ သူ့ရဲ့ အတွေးအမြင်တွေကို သူကိုယ်တိုင်လဲ မကြာခဏ ဖော်ထုတ် ရေးသားခဲ့ပါတယ်။

မကြာခင်က ဒေသတွင်း သတင်းစာ တစ်စောင်မှာ ဖော်ပြခဲ့တဲ့ သူ့ရဲ့ အတွေးအမြင် ဆောင်းပါးထဲမှာ ဖယ်ရှားလို့မရ၊ ထိမ်းချုပ်လို့လဲမရတဲ့ ဗဟိုချုပ်ကိုင်မှုဟာ အမြဲ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ လိုက်ပြောင်းဖို့ ခက်ခဲနေမှာပဲလို့ ရေးခဲ့ပါသေးတယ်။

ဒါ့ကြောင့် ခါဒေါ့က်ကော့ဖ်စကီးရဲ့ စံနစ်အပေါ်မှာ ဆန့်ကျင်တဲ့ စိတ်ဟာ ယခုတိုင် ရှိနေတုန်းပဲလို့ မှန်းဆရပါတယ်။

ဒီလို လုပ်ဆောင်ချက်တွေကြောင့် ရုရှ ခေတ်ပြောင်းကာလက သူ့ကို ခရိုနီ တစ်ယောက် အနေနဲ့ အဆိုးမြင်ခဲ့ကြသူတွေကတောင် သူဟာ ခေတ်ရှေ့ပြေးတဲ့ ပြောင်းလဲရေး လိုလားသူအဖြစ် မြင်လာပြီး ထောက်ခံနေကြတာတွေလဲ ရှိနေပါတယ်။

ဒါပေမယ့် သံတိုင်နောက်မှာ ဆယ်နှစ်ကျော် နေခဲ့ရပြီး ယိုင်နဲ့နေတဲ့ စီးပွားရေးနောက်ခံနဲ့ ပြန်လွတ်လာတဲ့အခါ မိခေးလ် ခါဒေါ့က်ကော့ဖ်စကီးရဲ့ သြဇာအာဏာ ရုရှမှာ ဘယ်လောက် လွှမ်းမိုးနိုင်ဦးမလဲ ဆိုတာကတော့ စောင့်ကြည်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ