ထိုင်းပြည်တွင်းစစ်ဖြစ်မှာ စစ်တပ်စိုးရိမ်

  • 22 ဒီဇင်ဘာ 2013
ထိုင်းလူထု ဆန္ဒပြပွဲများ
Image caption ထိုင်းလူထု ဆန္ဒပြပွဲများ

ထိုင်းနိုင်ငံမှာ ဖေဖေါ်ရီလမှာ လုပ်မယ့် ရွေးကောက်ပွဲကို အတိုက်အခံ ဒီမိုကရက်ပါတီက သပိတ် မှောက်လိုက်ပြီး အစိုးရ ဆန့်ကျင်တဲ့ လူထု ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပါတယ်။ ဒီလိုနိုင်ငံရေး တင်းမာနေချိန်မှာ ဖေဖေါ်ဝါရီ ရွေးကောက်ပွဲတွေလုပ်ရင် ပြည်တွင်း စစ်ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ထိုင်းစစ်တပ် အကြီးအကဲတယောက်က သတိပေးပါတယ်။

ထိုင်းစစ်တပ်ဟာနိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်တဲ့ စဉ်အလာ ရှိပေမယ့် အခုဖြစ်နေတဲ့ ပဋိပက္ခမှာတော့ အခုချိန်ထိ ဘယ်ဘက်မှမ ပါသေးပါဘူး။

ဒါပေမယ့် သြဇာကြီးမားတဲ့ ဗိုလ်ချုပ်ကြီး ဖရာယွတ် ချန်အိုချာက လာမယ့် ရွေးကောက်ပွဲကို အချိန်ရွှေ့စေချင်တယ်လို့ ထိုင်းစစ်တပ်အသိုင်းအဝိုင်းက ဘီဘီစီကိုပြောပါတယ်။ တကယ်လို့သ တ်မှတ်တဲ့ရက်အတိုင်း ဆက်လုပ်ရင် မဲဆွယ်ချိန်မှာလည်း တဖက်နဲ့တဖက် ထိပ်တိုက် ရင်ဆိုင်ပြီး ပိုကြီးမားတဲ့ ပဋိပက္ခအထိ ဦးတည်သွားနိုင်တယ်လို့သူကဆိုပါတယ်။

လက်ရှိအာဏာရ ပါတီကတော့ ဘယ်သူ အုပ်ချုပ်သင့်တယ်ဆိုတာ ရွေးကောက်ပွဲနဲ့ ဆုံးဖြတ်ဖို့လိုပြီး လက်ရှိဝန်ကြီးချုပ် ယင်းလတ်ကတော့ ရွေးကောက်ပွဲမလုပ်မီ ရာထူးက ထွက်ပေးဖို့ ငြင်းဆိုနေပါတယ်။

အတိုက်အခံ ဒီမိုကရက်ပါတီနဲ့ ဘန်ကောက်က လူလတ်တန်းစား အများစုကထောက်ခံနေတဲ့ လူထုဆန္ဒပြပွဲကြီးကတော့ လက်ရှိအစိုးရ နေရာမှာ ပြည်သူ့ကိုယ်စားပြုကောင်စီနဲ့ အစားထိုးပြီး အာဏာအလွဲသုံးစားလုပ်မှု အဂတိ လိုက်စားမှုတွေကို ဖယ်ရှားမယ့် ပြုပြင် ပြောင်းလဲရေးတွေ လုပ်ချင်ပါတယ်။

စစ်တပ်ကလည်း ပြုပြင်ရေးလုပ်မယ့် ကောင်စီမျိုးလိုလားပြီး ဆန္ဒပြသူတွေ တောင်းတဲ့ ပုံမျိုးမဟုတ်ဘူးလို့ဆိုပါတယ်။ အစိုးရက လည်းပြုပြင် ပြောင်းလဲရေး လုပ်ရမယ်ဆိုတာ လက်ခံပေမယ့် အပြောင်းအလဲဖို့ အချိန်ကြာ အငြင်းပွားနေရင် ဘယ်သူက အာဏာကို ယူထားမလဲ ဆိုတာကိုတော့ သဘောတူညီမှု မရသေးဘူးလို့ အရှေ့တောင်အာရှ ဆိုင်ရာဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။