Pussy Riot အဖွဲ့ဝင် အားလုံး ပြန်လွတ်ပြီ

  • 23 ဒီဇင်ဘာ 2013
Image caption ပူစီရိုင်းရော့တ် အဖွဲ့ဝင်တစ်ဦး ဖြစ်သူ မာရီယာ အယ်လ်ယိုခီနာ

ရုရှား နိုင်ငံမှာ အစိုးရက ဖမ်းဆီး ထားတဲ့ ပူစီ ရိုင်းရော့တ် Pussy Riot ဂီတ အဖွဲ့ဝင် ထဲက နောက်ဆုံး လက်ကျန် တဦးကို လွှတ်ပေး လိုက်ပြီ ဖြစ်လို့ အဖွဲ့ဝင် အားလုံး လွတ်သွားကြ ပါပြီ။

ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတ ပူတင် ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းခွင့် အမိန့်နဲ့ အခုလို ပြန်လွှတ်ပေး လိုက်တာ ဖြစ်ပြီး အစိုးရရဲ့ အခုလို လုပ်ဆောင်ချက် ဟာ အများ ပြည်သူကို အံ့အား သင့်စေခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ၁ နှစ်ခွဲ ကျော်လောက်က ဒီ Pussy Riot ဂီတအဖွဲ့ဝင် အမျိုးသမီး ၃ ဦးဟာ မော်စကို ခရစ်ယာန် ဘုရားကျောင်း တစ်ခုမှာ အစိုးရကို ကန့်ကွက်တဲ့ သီဆို ဖျော်ဖြေမှုကို ပြုလုပ်ခဲ့ တာကြောင့် သူတို့ကို အစိုးရက ဆိုးသွမ်း မှုနဲ့ ဖမ်းဆီး ထောင်ချ ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး ပြန်လွတ်လာသူ နာဒက်ဇ်ဒါ တိုလိုကိုနီကိုဗာ က သတင်းထောက်တွေကို ပြောရာမှတော့ သူ့ဘဝကို လူ့အခွင့် အရေး အလုပ်တွေ မှာပဲ မြှုပ်နှံ ထားတော့ မယ်လို့ ဆိုပါတယ်။ ရုရှား လူ့အဖွဲ့ အစည်းဟာ ရာဇဝတ်သင့် နေသလို ဖြစ်နေတယ် လို့လည်း သူက ပြောပါတယ်။

သတင်းထောက်တွေ ကတော့ ရုရှားနိုင်ငံ ဆိုချီမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲ မတိုင်ခင် သမ္မတ ပူတင်ဟာ နိုင်ငံ တကာရဲ့ ဝေဖန်သံတွေ ငြိမ်သွားအောင် လုပ်နေ တာလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ