ငြိမ်းချမ်းရေး တပ်ဖွဲ့တိုးချဖို့ မစ္စတာဘန် တိုက်တွန်း

  • 24 ဒီဇင်ဘာ 2013
Image caption ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးဖြစ်လာနေတဲ့ တောင်ပိုင်းဆူဒန်မှာ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေ တိုးမြှင့်ချထားဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်း ပြောကြား လိုက်ပါတယ်။

အရပ်သားတွေနဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေကို ကာကွယ်ဖို့ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ငါးထောင် ထပ်တိုး ချထားဖို့ မစ္စတာဘန်က တိုက်တွန်းနေတာ ဖြစ်ပါတယ်။

အဲဒီလိုသာ ထပ်တိုးလိုက်ရင် တောင်ပိုင်းဆူဒန်မှာ ရှိတဲ့ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် အရေအတွက်ဟာ တသောင်းနှစ်ထောင် ဖြစ်သွားတော့ ဖြစ်ပါတယ်။

အခုလို တိုးမြှင့်ချထားမှုကို လုံခြုံရေးကောင်စီက ဒီနေ့ အင်္ဂါနေ့မှာ အတည်ပြုပေးဖို့ ရှိပါတယ်။

တောင်ပိုင်းဆူဒန်မှာ သမ္မတ ဆယ်လ်ဗာ ကီးယားကို သစ္စာခံတဲ့ တပ်ဖွဲ့၀င်တွေနဲ့ သူ့လက်ထောက် ဒုသမ္မတဟောင်း ရီးယက် မာချာကို ထောက်ခံတဲ့ တပ်ဖွဲ့၀င်တွေကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် သောင်းနဲ့ချီတွေ လူတွေ အိုးအိမ်မဲ့ ထွက်ပြေးနေရကာ လူမျိုးရေး အကြမ်းဖက်မှု အသွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေပါတယ်။

တောင်ပိုင်းဆူဒန်မှာ ပစ်ခတ် တိုက်ခိုက်မှုတွေ အဆုံးသတ်သွားအောင် ပြိုင်ဖက်ဖြစ်သူ ရီယက် မာချာနဲ့ စတင်ဆွေးနွေးဖို့ သမ္မတ ကီးရား က ကတိပေးခဲ့တယ်လို့ အမေရိကန် ထိပ်တန်း သံတမန် တယောက်က ပြောပါတယ်။

မစ္စတာ ကီးရားဟာ သူ့ပြိုင်ဖက်နဲ့ အချိန်မရွေး တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ဘဲလို့ အမေရိကန် အထူးသံတမန် Donald Booth က ပြောပါတယ်။

မစ္စတာ မာချာ ဖက်ကတော့ လွန်ခဲ့တဲ့ တပတ်ကျော်တုန်းက အဖမ်းခံခဲ့ရတဲ့ သူရဲ့ နိုင်ငံရေး မဟာမိတ်တွေကို ပြန်လွှတ်ပေးမှသာ တွေ့ဆုံဆွေးနွေးမှုတွေ စလုပ်မယ်လို့ အစောပိုင်းတုန်းက ပြောနေတာ ဖြစ်ပါတယ်။

ထိန်းသိမ်းခံထားရသူ ၁၁ ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူတို့ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတာ တွေ့ရသလို အဲဒီလူတွေကလည်း အမျိုးသား ပြန်လည် ပေါင်းစည်းရေးမှာ အပြုသဘောဆောင်စွာနဲ့ ပါဝင်ချင်နေကြတယ်လို့ အမေရိကန် သံအရာရှိ မစ္စတာ ဘို့သ် က ဆိုပါတယ်။