အိန္ဒိယ သာမန်ပြည်သူ့ပါတီ ဒေသန္တရ အစိုးရဖွဲ့

  • 28 ဒီဇင်ဘာ 2013
Image caption အာရှရဲ့ နိုဗဲလ် ဆုလို့ တင်စားကြတဲ့ ရေမွန်မက် ဆေးဆေး ဆုကို ၂၀၀၆ ခုနှစ် က ချီးမြှင့် ခံရသူ

အိန္ဒိယရဲ့ လာဘ်စားမှုတွေ ကို တိုက်ဖျက် မယ်လို့ ကြွေးကြော် မဲဆွယ် ခဲ့တဲ့ ပါတီ ခေါင်းဆောင်ဟာ နယူး ဒေလီ မြို့တော် ဒေသ ဆိုင်ရာ အစိုးရ အဖွဲ့မှာ ဝန်ကြီးချုပ် ဖြစ်လာ ပါပြီ။

မစ္စတာ အာရာဗင် ကက်ချရီလ်ဝေါဟာ မနှစ် ၂၀၁၂ ကမှ သာမန် ပြည်သူ့ ပါတီ လို့ အမည် ပေးထားတဲ့ Aam Aadmi ပါတီ ကို ထောင်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ စာလုံးတွေ နဲ့ အတိုကောက် ရေးမယ် ဆိုရင် သူ့ပါတီ က AAP လို့ခေါ်ပြီး အခု နယူး ဒေလီ ဒေသ ဆိုင်ရာ ရွေးကောက် ပွဲမှာ အမတ် နေရာ ၇၀ ကို ရွေးကောက် ကြရမှာ သူတို့ ပါတီ က ၂၈ နေရာ မှာ အနိုင်ရ ခဲ့တာပါ။

လက်ရှိ အာဏာရပါတီ ကွန်ကရက်ပါတီ က ၈ နေရာထဲ ရပါတယ်။ ဒါပေမယ့် မစ္စတာ အာရာဗင် ကက်ချရီလ်ဝေါ ရဲ့ AAP ပါတီ နယူး ဒေလီ အစိုးရ ဖွဲ့ဖို့ လိုနေတဲ့ နောက်ထပ် နေရာ တွေ ဖြည့်ပေးလိုက် ပါတယ်။

မစ္စတာ အာရာဗင် ကက်ချရီလ်ဝေါဟာ အိန္ဒိယရဲ့ လာဘ်စားမှုတွေ ကို တိုက်ဖျက်ရေး အတွက် နှစ် အတော် ရှည်ကြာ လှုံဆော် တိုက်ပွဲဝင်သူ တယောက် အဖြစ် နာမည်ရှိ ပါတယ်။ အဲဒီ လှုပ်ရှားမှုတွေ နဲ့ ပတ်သက်ပြီး အာရှရဲ့ နိုဗဲလ် ဆုလို့ တင်စားကြတဲ့ ရေမွန်မက် ဆေးဆေး ဆုကို ၂၀၀၆ ခုနှစ် က ချီးမြှင့် ခံရသူပါ။

အိန္ဒိယမှာ လာဘ်စားမှုတွေ က နက်နက် ရှိုင်းရှိုင်း ရှိနေလို့ အိန္ဒိယ က လူတွေ သည်းသည်းလှုပ် ကြည့်ကြတဲ့ ခရစ်ကက်ပွဲတွေ အိန္ဒိယ လူထု မကြည့်ကြတော့မယ့် နေ့ကျမှ အိန္ဒိယမှာ လာဘ် စားမှုတွေ ပျောက်မှာလို့ လည်း လူတွေက ပြောနေကြ တာပါ။

လက်ရှိ အစိုးရက ပါဝင် ပတ်သက်တဲ့ ဥပမာ မိုဘိုင်းဖုန်း လိုင်စင် တွေ ကိစ္စတွေ တုန်းက လည်း နာမည်ပျက်တာ ဟိုးလေး တကျော်ပါ။ မနှစ်တုန်း က စစ်တပ် ဦးစီးချုပ် ကိုယ်တိုင် ကိုပင် စစ်သုံး ပစ္စည်း တင်ဒါတွေနဲ့ ပတ်သက်ပြီး လာဘ်ပေးဖို့ ကြိုးစား ခဲ့ကြတဲ့ အကြောင်း ဦးစီးချုပ် က ထုတ်ပြော ရတဲ့ အထိ ဖြစ်ခဲ့တာ ပါ။

ဒါပေမယ့် အခု မြို့တော် ရွေးကောက်ပွဲ ရလဒ်ကို ကြည့်ရင် အဂတိ လိုက်စားမှု တိုက်ဖျက်မယ် ဆိုတဲ့ ပါတီ ကို လူထု က နှစ်ချိုက် လာကြပုံ ရှိပါတယ်။ မစ္စတာ အာရာဗင် ကက်ချရီလ်ဝေါ က လည်း လာမယ့် နှစ် ၂၀၁၄ ကျရင် လုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင်မယ့် လို့ ဆိုပါတယ်။

အိန္ဒိယမှာ လာဘ်စားတာ ကို သူတို့ AAP ကတိုက်ဖျက် နိုင်မလား ဆိုတဲ့အမေး က ဖြေနိုင်ဖို့ စောနေ ပေမယ့် အိန္ဒိယ လူထုတွေ ထဲမှာတော့ လာဘ်စားမှုတွေ ကို မုန်းတီး လာတဲ့စိတ်က ပိုများ လာနေပြီ ဆိုတာ ကို အခု ဒေလီ ရွေးကောက်ပွဲ က သက်သေပြနေပုံပေါ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ