အီဂျစ်မှာ မူဆလင် ညီနောင် အဖွဲ့ ထောက်ခံ သူတွေ အဖမ်းခံရ

  • 29 ဒီဇင်ဘာ 2013
Egypt
ရဲက မတရား စွပ်စွဲတာလို့ ဆန္ဒပြသူတွေက ဆို

အီဂျစ်နိုင်ငံက အယ်လ်အာဇာ တက္ကသိုလ်မှာ အစ္စလာမ် ဝါဒီမူဆလင် ညီနောင်များ အဖွဲ့ ကို ထောက်ခံ တဲ့ကျောင်းသား တွေနဲ့ ရဲတွေ ထိပ်တိုက် တိုးခဲ့ကြလို့ ကျောင်းသား တဦး သေဆုံးပြီး လူ ၁၀၀ လောက် အဖမ်းခံ ခဲ့ရပါတယ်။

အခုနောက်ဆုံး ပြဿနာ ဖြစ်ခဲ့တဲ့ အယ်လ်အာဇာ တက္ကသိုလ်ဟာ ဆွန်နီမူဆလင် တွေ ပညာ သင်ကြတဲ့ ကျောင်းတခု ဖြစ်ပြီး မူဆလင်ညီနောင်များ အဖွဲ့ကို ထောက်ခံတဲ့ တက္ကသိုလ် ကျောင်း သား တွေနဲ့ ရဲတွေကြား မကြာသေးခင် လတွေအတွင်း မကြာခဏ ဆိုသလို ပြဿနာ ဖြစ်ခဲ့ တဲ့ နေရာပါ။

ဇူလိုင်လ တုန်းက မူဆလင် ညီနောင်များ အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ သမ္မတ မိုဟာ မက် မော်စီ ကိုစစ်တပ်က ဖြုတ်ချခဲ့ပြီး တဲ့နောက် အဲဒီအဖွဲ့ အပေါ် နှိမ်နှင်းမှုတွေ စတင်ခဲ့ပါတယ်။

ဒီအဖွဲ့ ကို လှုပ်ရှား ဆောင် ရွက်မှုတွေ ဆက်မလုပ်ဖို့ စက်တင်ဘာလ တုန်းက တားမြစ်ခဲ့ပြီး တဲ့နောက်ပိုင်း၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ တုန်းကတော့ နိုင်းမြစ်ဝှမ်း ဒေသမှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှု ကို အကြောင်းပြုပြီး မူဆလင် ညီနောင်များ အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ကြေညာ ခဲ့ပါတယ်။

ဒီဖောက်ခွဲ မှုရဲ့ နောက်ကွယ်မှာ သူတို့ ရှိနေတယ် ဆိုတဲ့ အစိုးရရဲ့ စွပ်စွဲချက်ကို မူဆလင် ညီနောင်များ အဖွဲ့က အပြင်း အထန်ငြင်း ဆိုပါတယ်။

ဒီရက်ပိုင်း အတွင်း အီဂျစ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပဋိပက္ခတွေ လည်း ဖြစ်ခဲ့ပါတယ်။

ကြာ သပတေး နေ့တုန်းက ဘတ်စ်ကား တစင်း ဗုံးခွဲတိုက်ခိုက် ခံရပြီးလူငါးဦးဒဏ်ရာရခဲ့ပါတယ်။

သောကြာနေ့ တုန်းကလည်း မူ ဆလင်ညီနောင်များ အဖွဲ့ကို ထောက်ခံသူတွေနဲ့ ရဲတွေ ကိုင်ရိုမြို့မှာ ရော တခြားနေရာ နှစ်ခုမှာပါ ပြဿနာ ဖြစ်ခဲ့ကြပြီး သုံးဦး သေဆုံးခဲ့ပါတယ်။

အီဂျစ်မှာ ဒီမိုကရေစီ နည်းနဲ့ ပထမဆုံး ရွေးကောက်တင်မြှောက် ခံရတဲ့ သမ္မတ မိုဟာမက်မော်စီ ကိုဖြုတ်ချ ခဲ့ပြီးတဲ့နောက် သူအာဏာ ရစဉ်အတွင်း လုပ်ခဲ့တယ် ဆိုတဲ့ ရာဇဝတ်မှု ဆိုင်ရာ စွပ်စွဲချက် အတော်များများနဲ့ တရားစွဲ ထားပါ တယ်။

နိုဝင်ဘာလ ကတည်းက စစစ်ခဲ့တဲ့ သူ့အမှု ကို ဇန်နဝါရီလ ၈ ရက်နေ့အထိ ဆိုင်းငံ့ ထားပါတယ်။

ဒီအတောအတွင်း ခုလို ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။