လူမဲ့ လေယာဉ်ကို အရပ်သား သုံးခွင့် ပေးတော့မယ်

  • 31 ဒီဇင်ဘာ 2013
drone
Image caption လူမဲ့လေယာဉ်ကို စီးပွားရေး အတွက် သုံးခွင့် ပြုမယ်

အမေ ရိကန် ပြည်ထောင်စု လေကြောင်း ဥပဒေပြု အဖွဲ့က အမေ ရိကန် ပြည်နယ် ၆ ခု ရဲ့ သတ်မှတ် နယ်မြေ အချို့မှာ လူမဲ့ လေယာဉ်ငယ် တွေကို စီးပွားရေး လုပ်ငန်းသုံး အဖြစ် သာမန် အများ ပြည်သူ တွေကို စမ်းသပ် အသုံး ပြုခွင့် ပေးမယ်လို့ ကြေညာ လိုက်ပါတယ်။ အရင်ကတော့ လူမဲ့ လေယာဉ် တွေကို စစ်ဖက် မှာပဲ အသုံး ပြုခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ပြည်နယ်ပေါင်း ၂၄ ခုက တင်ပြတဲ့ အဆိုပြု ချက်တွေကို စိစစ်ပြီး ၁၀ လကြာ သုံးသပ် ပြီးနောက်မှာ စမ်းသပ် အသုံးပြုခွင့် ပေးဖို့ ဆုံးဖြတ် လိုက်တာ လို့ ဆိုပါတယ်။

အွန်လိုင်း ကနေ ပစ္စည်း ရောင်းတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ တချို့က သူတို့ ပစ္စည်းတွေကို အခု လောလောဆယ် စာတိုက် ကနေ ပို့ပေးနေတဲ့ အစား လူမဲ့ လေယာဉ် အသုံးပြု ပို့ပေးတဲ့ စနစ်ကို စမ်းသပ်ချင် နေကြ ပါတယ်။

လယ်သမားတွေ ကတော့ သီးနှံ တွေကို လူမဲ့ လေယာဉ်နဲ့ ပိုးသတ်ဆေး ဖျန်းချင် သလို ဘယ်နေရာမှာ သားငါး ပေါကြွယ်ဝတယ် ဆိုတာမျိုး ကိုလည်း လူမဲ့ လေယာဉ်နဲ့ သုတေသန လုပ်ချင် ကြပါတယ်။

ရဲတွေကလည်း လူမဲ့လေယာဉ်ကို သုံးချင်နေကြပါတယ်။ သူတို့ကတော့ ဆန္ဒပြလူအုပ်ကို ထိန်းချုပ်တာမျိုး ၊ ရာဇဝတ်မှု ကျူးလွန်တဲ့ မြင်ကွင်းကို ဓါတ်ပုံရိုက်ယူတာမျိုး၊ ကင်းလှည့်တာမျိုး၊ ဒုစရိုက်သမားကို ရှာဖွေတာမျိုး၊ ကယ်ဆယ်ရေးဆောင်ရွက်တာမျိုးကို လူမဲ့လေယာဉ်နဲ့ လုပ်ချင်တယ်လို့ ဆိုပါတယ်။

ဒီလိုအလုပ်မျိုးတွေကို ဆောင်ရွက်ဖို့ ရဲက ရဟတ်ယာဉ်ကို အသုံးပြုတဲ့အခါ တနာရီကို ဒေါ်လာရာပေါင်းများစွာ ကုန်ကျပါတယ်။ တကယ်လို့ လူမဲ့ လေယာဉ် တစီးကို အသုံးပြုမယ်ဆိုရင်တော့ နာရီများစွာကို ၂၅ ဒေါ်လာလောက်အထိ နည်းပါးတဲ့ ကုန်ကျစရိတ်နဲ့ တင်လွှတ် အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စျေးချိုတဲ့ လူမဲ့လေယာဉ်တွေကို အသုံးပြုသူတွေ သိပ်များလာတဲ့အခါ လုံခြုံ ရေး ပြဿနာတွေ ပေါ်ပေါက်လာမှာကို လည်း စိုးရိမ်ပူပန်သူတွေရှိပါတယ်။

အမေရိကန်ပြည်ထောင်စု လေကြောင်း ထိန်းချုပ်ရေးရဲ့ အကြီးအကဲ မိုက်ကယ် ဟူးတာ ကတော့ လုံခြုံရေးကို အဓိက ဦးစားပေးစဉ်းစားသွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ