ကမ္ဘောဒီးယား ရဲနဲ့ အလုပ်သမားတွေ အကြမ်းဖက်

  • 3 ဇန်နဝါရီ 2014
Image caption နိုင်ငံရေး ရှုပ်ထွေးနေချိန် ဖြစ်ပွားတဲ့ ရဲနဲ့ အလုပ်သမား အကြမ်းဖက်မှု

ကမ္ဘောဒီယား နိုင်ငံ မြို့တော် ဖနွမ်ပင်မှာ ဆန္ဒပြ နေကြတဲ့ အထည်ချုပ် အလုပ်သမား တွေကို ရဲက ပစ်လို့ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး အတော်များများ ဒဏ်ရာ ရရှိသွားပါတယ်။

အစောပိုင်းမှာ ရဲက မိုးပေါ်ထောင်ဖောက် သတိပေး ခဲ့ပြီး အဲဒီနောက်မှာတော့ လူအုပ်ထဲကို ပစ်ထည့် ခဲ့တာလို့ ဒီဖြစ်ရပ်ကို မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့က ပြောတာကတော့ ဆန္ဒပြသူတွေ ကနေ ခဲတွေ၊ လောက်လေးခွတွေနဲ့ ပစ်ခတ်ခဲ့လို့ ရဲတပ်သား ၉ ဦး ဒဏ်ရာရသွားခဲ့ပြီး နောက်မှာ အခုလို ကြားဝင် ဆောင်ရွက်ခဲ့ရတာလို့ ဆိုပါတယ်။

ကမ္ဘောဒီးယား နိုင်ငံမှာ အလုပ်သမားတွေ အတွက် အနိမ့်ဆုံး လစာကို ဒေါ်လာ ၁၆၀ အထိ နှစ်ဆ တိုးမြှင့် ပေးဖို့ တောင်းဆိုတဲ့ အနေနဲ့ နိုင်ငံ တဝန်းမှာ သပိတ် ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

အစိုးရ အတိုက်အခံတွေကလည်း ဝန်ကြီးချုပ် ဟွန်ဆန် ရာထူးက ဆင်းပေးပြီး ရွေးကောက်ပွဲ အသစ် ကျင်းပပေးဖို့ နေ့စဉ် ဆန္ဒပြ တောင်းဆိုနေကြချိန်၊ နိုင်ငံရေး ရှုပ်ထွေးနေချိန်မှာ အခုလို ရဲနဲ့ ဆန္ဒပြ အလုပ်သမားတွေအကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ