ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲသပိတ် မဲရုံတွေကို မီးရှို့

  • 4 ဇန်နဝါရီ 2014
bangladesh
Image caption ပြာပုံ ဖြစ်ရတဲ့ မဲရုံ တချို့

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မနက်ဖန် အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ နိုင်ငံအနှံ့က မဲရုံ ၃၀ လောက် မီးရှို့ ဖျက်ဆီး ခံလိုက်ရပါတယ်။

ကျင်းပမယ့် ရွေးကောက်ပွဲကို မျှတမှု မရှိနိုင်ဘူး ဆိုပြီး အတိုက်အခံတွေက ဒီရွေးကောက်ပွဲ ကို ၂ ရက်ကြာ သပိတ်မှောက်တဲ့ ပထမနေ့မှာ အခုလို ဖြစ်ခဲ့ရတာပါ။

အတိုက်အခံ ခေါင်းဆောင် Khaleda Zia က သူ့ကို အိမ်ချုပ် ချထားတယ် ဆိုပြီး ပြောပေမယ့် အစိုးရက ဒါကို ငြင်းထားပါတယ်။ အရင် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ တုန်းကလို လွတ်လပ်တဲ့ ကြားနေ အုပ်ချုပ်ရေး အဖွဲ့အစည်း တခုကနေ ဦးစီး ကျင်းပပေးဖို့ အတိုက်အခံတွေက တောင်းဆိုပေမယ့် အစိုးရဘက်က ဒါကိုလည်း ငြင်းဆိုခဲ့ပါတယ်။

၁၉၉၁ နောက်ပိုင်း ရွေးကောက်ပွဲတွေမှာ ကြားနေ အုပ်ချုပ်ရေး အဖွဲ့အစည်း တခုက ရွေးကောက်ပွဲကို ကျင်းပ ပေးပေမယ့် ဒီစနစ်ကို မလိုအပ်ဘူး ဆိုပြီး အာဏာရ အာဝါမီပါတီက ၂၀၁၀ မှာ ဒါကို ဖျက်သိမ်း ပစ်ခဲ့တာပါ။ ဖျက်သိမ်းစဉ်က အာဏာရပါတီက သူ့ရဲ့ ပါလီမန်ထဲ အမတ် အသာရမှုကို သုံးခဲ့တယ်လို့ အတိုက်အခံတွေက စွပ်စွဲခဲ့ကြပါတယ်။

ရဲနဲ့ ရွေးကောက်ပွဲ အရာရှိတွေ ရဲ့ အဆိုအရ အခု ဖြစ်ခဲ့တဲ့ မဲရုံတွေ တိုက်ခိုက် ဖျက်စီး ခံရတာ တွေက ဒါကာ မြို့တော် အပါအဝင် နိုင်ငံ အနှံမှာ ဖြစ်ခဲ့ပြီး အရေအတွက် ၃၀ လောက်ဆိုပေမယ့် တချို့ သတင်းတွေအရ ၆၀ လောက်အထိ ရှိတယ်လို့ ဆိုပါတယ်။ အများအားဖြင့် အဲဒီ မဲရုံတွေက ရုံး တွေနဲ့ ကျောင်းတွေမှာ ဖွင့်လှစ် ထားကြတာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲကို မကျေနပ်လို့ ဖြစ်နေတဲ့ အဓိကရုဏ်းတွေ အတွင်း လူပေါင်း ၁၀၀ ထက်မနဲလည်း အသက်ဆုံးရှုံး ခဲ့ရပြီး ဖြစ်ပါတယ်။

အစိုးရ အရာရှိ တဦးကတော့ ဒီလို တိုက်ခိုက်ဖျက်စီး ခံရမှုတွေ ရှိပေမယ့် ရွေးကောက်ပွဲကိုတော့ ဆက်ကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲအတွက် နိုင်ငံအဝှမ်း လုံခြုံရေး အင်အား ၅၀၀၀၀ လောက် ချထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မဲပေးမယ့် ပြည်သူ တွေ မှာတော့ အကျပ်တွေ့ နေကြတယ်ဆိုပြီး အုပ်ချုပ်မှု ကောင်းမွန်ရေး အတွက် လှုပ်ရှားသူ Badiul Alam Jumar က ပြောပါတယ်။ အခု အဖြစ် အပျက် တွေက နိုင်ငံကို ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေပြီး ဒီမိုကရေစီ ဆန်တဲ့ စနစ်ကြီး ပျက်စီးပြီး ဒီမိုကရေစီ မဆန်တဲ့ လူတွေ လက်ကို အာဏာ ပြန်ရောက် သွားအောင် လုပ်နေသလို ဖြစ်နေတယ် လို့ သူက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ အတိုက်အခံ ဘီအန်ပီ ပါတီ အနဲ့ တခြား အတိုက်အခံတွေက အခုရွေးကောက်ပွဲဟာ မသမာ ဘူးပြောပြီး သပိတ်မှောက်ထားကြတော့ အာဏာရ အာဝါမီ လိဂ် ပါတီပဲ ဆက်ပြီး နိုင်၊ ဝန်ကြီးချုပ် Sheikh Hasina ပဲ အာဏာ ဆက်ရနေမှာ ဖြစ်တယ်လို့ လေ့လာ သူတွေက သုံးသပ်ထားပြီးပါပြီ။ အစိုးရ ဘက်ကတော့ ဖွဲ့စည်းပုံ အရ ဘီအန်ပီ အနေနဲ့ ဝင်ပြိုင် သင့်တယ်၊ ပြောင်းချင်တယ် ဆိုလည်း ရွေးကောက်ပွဲ ပြီးမှ ပြောင်းဖို့ ပြောနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ