အီရတ်မှာ ဖာလူဂျာ ကို အယ်လ်ခိုင်းဒါး နွယ်တဲ့ အဖွဲ့တွေသိမ်းထား

  • 4 ဇန်နဝါရီ 2014
Iraq
Image caption ဖာလူဂျာမှာ အစိုးရ ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေ ကိုမြင်ရ

အီရတ် နိုင်ငံမှာ ဘဂ္ဂဒက် အနောက်ဖက် က အချက်အချာ ကျတဲ့ ဖာလူဂျာမြို့ ကို ဆွန်နီ စစ်သွေးကြွ အုပ်စု တခု နဲ့ လူမျိုးစု လက်နက်ကိုင် တွေက သိမ်းထား ပြီလို့ လုံခြုံရေး ဆိုင်ရာ သတင်း ရပ်ကွက်က ဘီဘီစီကို ပြောပါတယ်။

ဖာလူဂျာမြို့ တောင်ပိုင်းကို အယ်လ်ခိုင်းဒါးနဲ့ ဆက်နွယ် နေတဲ့ ဆွန်နီ လက်နက်ကိုင် အဖွဲ့ တခုက သိမ်းယူ ထားပြီး မြို့ရဲ့ ကျန်တဲ့ အပိုင်း တွေကိုတော့ အယ်လ်ခိုင်းဒါး နဲ့ မဟာမိတ် ဖြစ်တဲ့ လူမျိုးစု လက်နက်ကိုင် တွေက ထိန်းချုပ် ထားတယ်လို့ အဲဒီမှာ ရှိနေတဲ့ အီရတ် သတင်းထောက် တဦးက ပြောပါတယ်။

တနင်္လာနေ့ တုန်းက ရာမာဒီ မြို့မှာ ရှိတဲ့ ဆွန်နီ အာရပ် တွေရဲ့ သပိတ်စခန်းကို အစိုးရက ဝင်ဖြိုခွင်း ခဲ့ရာကနေ တိုက်ပွဲတွေ စဖြစ်ခဲ့ တာပါ။

ဆွန်နီတွေ ဖြစ်ကြတဲ့ ဒေသခံ အာရပ်တွေက ဝန်ကြီးချုပ် နူရီ အယ်လ် မာလီကီ ဦးဆောင်တဲ့ ရှီးယား အစိုးရဟာ သူတို့ အပေါ် ခွဲခြား ဆက်ဆံတယ်လို့ မြင်နေ ကြပါတယ်။

လူနည်းစု ဖြစ်တဲ့ သူတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ တွေ သုံးပြီး ဖိနှိပ် နေတယ် လို့လည်း ဆွန်နီ တွေက ပြောကြ ပါတယ်။

မကြာသေးခင် ရက်တွေ အတွင်း ဖာလူဂျာနဲ့ ရာမာဒီ မြို့တွေ တဝိုက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကို ကြည့်ရင် အစိုးရ တပ်တွေက တဖက်၊ အယ်လ်ခိုင်းဒါး နဲ့ ဆက်နွယ် နေတဲ့ အီရတ်နဲ့ ဆီးရီးယား အစ္စလာမ္မစ် အဖွဲ့ ဆိုတဲ့ ISIS နဲ့ ဆွန်နီ လူမျိုးစု တွေက တဖက် တိုက်ခိုက် နေကြ တာပါ။

မစ္စတာ မာလီကီက အန်ဘာ ပြည်နယ်မှာ ရှိတဲ့ အစိုးရ စစ်တပ် တွေကို ရုပ်သိမ်းပြီး ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးကို အစားထိုးဖို့ အင်္ဂါနေ့ တုန်းက သဘောတူခဲ့ ပေမယ့်၊ အစိုးရ စစ်တပ်တွေ ထွက်သွားတာ နဲ့ လက်နက်ကိုင် စစ်သွေးကြွတွေက မြို့တွေကို ဝင်ပြီး ရဲစခန်း တွေကိုစီးနင်း၊ အကျဉ်းသား တွေကို လွှတ်ပေးပြီး လက်နက် တွေကိုလည်း သိမ်းယူ ခဲ့ကြ ပါ တယ်။

ဒါနဲ့ဘဲ အီရတ်ဝန်ကြီးချုပ်က သူ့တပ်တွေကို နောက်နေ့မှာဘဲ ပြန်ပြီး စေလွှတ်ခဲ့ ပါတယ်။

မကြာသေး ခင်လတွေ အတွင်း အီရတ်နိုင်ငံ အနှံ့အပြားမှာ ဆွန်နီ မူဆလင်တွေရဲ့ တိုက်ခိုက်မှုတွေ ပိုများလာ သလို၊ ရှီယာတွေ ဖက်ကလည်း အသေအကြေ ပြန်ပြီး လက်စားခြေ မှုတွေ ဖြစ်လာ တာကြောင့် လူမျိုးရေး အုပ်စု တွေကို အခြေခံတဲ့ ပြည်တွင်း စစ်မီး တကျော့ပြန် တောက်လောင် လာမှာကို စိုးရိမ် နေရ ပါတယ်။